Total Pageviews

Saturday, February 11, 2012

အသွင်မတူ တဲ့ အိမ်သူ

" အသွင်မတူ တဲ့ အိမ်သူ "

ကျနော်က
ပလေတိုကို သိတယ်
လင်ကွန်း ကို သဘောကျတယ်
ဗိုလ်ချုပ်အောင်ဆန်းကို အားကျတယ်
အိုဘားမားကို လေးစားတယ် . . .

ကျနော့်မိန်းမက
နန္ဒာလှိုင် ကိုသိတယ်
မိုးပြည့်ပြည့်မောင်ကို သဘောကျတယ်
အိန္ဒြာကျော်ဇင် ကို အားကျတယ်
အောင်ဆန်းစုကြည်ကို လေးစားတယ် . . .

ကျနော်က
ဖေမြင့်စာအုပ်တွေ ဖတ်တယ်
ဗန်းမော်တင်အောင်ကို ကြိုက်တယ်
ပီမိုးနင်း ကိုအတုယူတယ်
ဘုန်းနိုင် ရဲ့ အရေးအသားကိုလေ့လာတယ် . . .

ကျနော့်မိန်းမက
ရွှေယမင်း ကာတွန်းကြိုက်တယ်
့မြိုင်ရာဇာတွတ်ပီဖတ်တယ်
မိမန်းလေး ကို သဘောကျတယ်
အချစ်ဝတ္တုဖတ်ပြီး အိပ်တယ် . . .

ကျနော်က
ဂလိုဘယ်ပန်နိုရားမား
ကျနော့်မိန်းမက
မြန်မာဇတ်ကား
ကျနော်က
ဆန်းဒေးတောခ့် ကိုစိတ်ဝင်စား
ကျနော့်မိန်းမက
အငြိမ့်ခန်းကြည့်ပြီး တဟားဟား . . .

ကိုစိုးနိုင်ရဲ့ အိမ်သူက
အဖမ်းခံရရင်အိပ်ရာကထပ်မကြည့်ဘူးဆိုသလို
ကျနော့်အိမ်သူကလည်း
အစိုးရဆိုတာ ရှင်ဘုရင်တွေလို ဘုန်းကံရှိလို့
သူ့အလိုလို ဖြစ်လာတာလို့ဆိုတယ်
ထပ်ပြီး   ထပ်ပြီး
အကို့ ကိုသာ သမ္မတ တင်ရင်
တိုင်းပြည်ကြီး ငါးပါးမှောက်လိမ့်မယ်လို့
နိမိတ် ဖတ်တယ် . . .

အင်တာနက်မှာ
ကဗျာရေးရင် မျက်ခုံးကုတ်တယ်
ဆောင်းပါးရေးရင် နုတ်ခမ်းစူတယ်
မျက်လုံး ကလယ်ကလယ်နဲ့
နာရီကြည့်ပြီး ပိုက်ဆံကိုတွက်တယ်
သူဗီဒီယို ကြည့်ရင် ကျနော်အိပ်တယ်
ကျနော် စာရေးရင် သူ ဟောက် တယ် . . .

အခုလို ရင်ဖွင့်လိုက်ရတော့
စိတ်ထဲပေါ့ပါးသွားတယ်
ကျေးဇူးပြုပြီး
ဒီကဗျာကို သူမမြင်ပါစေနဲ့ . . .
 မာဃလုလင်
      

No comments:

Post a Comment