Total Pageviews

Wednesday, February 8, 2012

နိုင်/ကျဉ်းဟောင်းများကို နိုင်ငံကူးလက်မှတ် ထုတ်မပေး

နိုင်/ကျဉ်းဟောင်းများကို နိုင်ငံကူးလက်မှတ် ထုတ်မပေး

by Burma VJ Media Network on Tuesday, 7 February 2012 at 15:41
By ဇာဏီ ၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
၂၀၁၁ မေလ၁၇ရက်နေ့က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ  မြင်းခြံထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုရဲမင်းဦးအား နိုင်ငံကူးလက်မှတ် (passport) စာအုပ် ထုတ်ပေးခြင်းမရှိပဲ ဆိုင်းငံ့ထားခဲ့ပါတယ်။
 ကိုရဲမင်းဦးဟာ နိုင်ငံကူးလက်မှတ် (passport) ကို   လျှောက်ထားရာမှာ လိုအပ်တဲ့ ပုံစံ ၁၇ ၊ပုံစံ ၁၉ ကို ပြုလုပ်ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထဲက စတင်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလ ၄ ရက်နေ့ကို စာအုပ်ထုတ်ယူရန် ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ကိုရဲမင်းဦး သွားရောက်ခဲ့တဲ့အခါမှာတော့ "ပြည်ထဲရေး ဝန်ကြီးရုံးကို တင်ထားတာ သူတို့ဆီကိုလဲ ပြန်ရောက်မလာသေးဘူး။ ဒါကြောင့် ပြည်ထဲရေး ဝန်ကြီးရုံးက ပြန်မကျမချင်း အချိန်အကန့်အသတ် မရှိ ကိုရဲမင်းဦး၏ ပတ်စပို့ကို ထုတ်ပေးခွင့်ကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်" လို့ တာဝန်ရှိသူတဦးက အကြောင်းပြန်ခဲ့ပါတယ်။
 "ကျနော်တို့ အကျဉ်းထောင်တွေမှာလဲ နှစ်ရှည်လများ နေခဲ့ပြီးပြီလေ။ ပြန်ထွက်လာတော့ ကျနော်တို့ဆီမှာ ရှိနေတဲ့ ပညာရေးကိုလဲ ကျနော်တို့ တက္ကသိုလ်တွေမှာ သွားပြီးတော့ ပြန်လည်လျှောက်ထားတဲ့အခါမှာ တိတိကျကျ အဖြေ မပေးဘူး။ မော်ကွန်းထိန်းတို့ ပါမောက္ခချုပ် စသဖြင့် သူတို့က အတိအကျ ဖြေကြားချက် မပေးတဲ့အတွက် ကျနော်တို့ ပြည်ပတိုင်းပြည်တွေမှာ တက္ကသိုလ် ပညာရပ်တွေကို ဆက်လက် သင်ကြားဖို့အတွက်က နိုင်ငံကူးလက်မှတ်(Passport) လိုအပ်ပါတယ်။ အဲတာကြောင့် တရားဝင် လမ်းကြောင်းအရ တရားဥပဒေ စိုးမိုးရေးကို ဦးတည်တဲ့အတွက်ကြောင့် အပြင်ကိုသွားပြီး တက္ကသိုလ်တက်ဖို့အတွက် နိုင်ငံကူးလက်မှတ် သွားလျှောက်တယ်၊ သွားလျှောက်တော့ မပေးဘူး။ အဲတော့ နိုင်ငံရေး ကြောင့် မပေးတာလို့ ဒီလိုပဲ ယူဆတယ်လေ" လို့ ကိုရဲမင်းဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံသားတယောက်က  နိုင်ငံကူးလက်မှတ်( Passport ) လျှောက်ထားမယ်ဆိုရင် အချိန် ၂၂ ရက်ကနေ ၁လ သာ ကြာမြင့်တာ ဖြစ်ပါတယ်။
“ကျနော့ ခံစားချက်ကတော့ သိပ်စိတ်မကောင်းဘူးဗျ။တိုင်းပြည်က ပြုပြင်ပြောင်းလဲရေးနေရာကို ရောက်နေပြီလေ။ ဒီလိုအနေအထားတွေ မရှိသင့်တော့ဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်တိုင်းပြည် ကောင်းရာကောင်းကျိုး ပြုလုပ်တဲ့အခါမှာ ကျနော်တို့ ကျောင်းသားတွေကလဲ တတပ်တအား ကျရာတာဝန် ထမ်းဆောင်နေတဲ့အခါမှာ အဲတာမျိုးတွေပေါ့ ကျနော်တို့ကို ပိတ်တာတို့ တားတာတို့ မလုပ်သင့်တော့ဘူးလို့ ပြောချင်ပါတယ်” လို့ ကိုရဲမင်းဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
 ၂၀၀၇ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုဒီငြိမ်းလင်းနှင့် ကိုရဲမြတ်ဟိန်းတို့က အနောက်ပိုင်းတက္ကသိုလ်မှာ ကျောင်းပြန်တက်ဖို့ နဲ့ စီးပွားရေး တက္ကသိုလ်မှာဆိုရင် ကိုဇင်လင်းအောင်၊ ကိုစည်သူမောင်နဲ့ ကိုရဲမင်းဦး အပါအဝင် ကျောင်းတွေ ဆက်တက်ဖို့ ပါမောက္ခချုပ်ထံ လိပ်မူပြီး လျှောက်ထားနေပါတယ်။
"စီးပွားရေးတက္ကသိုလ်က ကျောင်းပြန်အပ်ခွင့်ကို တိတိကျကျ အကြောင်းမပြန်ပဲ စာကိုပဲ လက်ခံယူထားတယ်။ ပြီးတော့ စောင့်ဆိုင်းအနေနဲ့ အဖြေက ဘာပေးမယ်ဆိုတာ မသိရသေးပါဘူး။ သူတို့ဘက်က ပြုပြင်ပြောင်းလဲရေး မလုပ်မချင်း ကျနော်တို့က ဒီအတိုင်း နေနေရမယ့်သဘော ဖြစ်နေတယ်။ဒါက ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုရင် ဒီပညာရေးကို လွတ်လပ်စွာ သင်ကြားပိုင်ခွင့်ကို လူတိုင်းမှာ ရှိရမှာပါ။ ဒါဟာ ပေးလဲ ပေးသင့်တယ်။ မွေးရာပါ အခွင့်အရေးပါ။ ဒါကို ပိတ်မထားသင့်တော့ဘူး။ ဖွင့်ပေးကြပါလို့ အထူးမေတ္တာရပ်ခံပြောလိုပါတယ်"လို့ ကိုရဲမင်းဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
 နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်တဲ့ ကိုသီဟဝင်းတင်၊ မနွဲ့နှင်းရီ၊ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (GW) မှ ကိုဇေယျာသော်၊ ကိုအာကာဗိုတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို နိုင်ငံကူးလက်မှတ် (passport) ထုတ်ပေးခွင့် တနှစ် စောင့်ကြည့်ကာလအဖြစ် ဆိုင်းငံ့ထားပြီး နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့် စလစ်စာရွက်မှာ B L (Black list) လို့ ရေးသားထားပါတယ်။

No comments:

Post a Comment