Total Pageviews

Saturday, February 11, 2012

ဘ၀တစ်ကွေ့က ကျနော်ထောက်လှမ်းရေးကျောင်းသား


အခုတလော ထောက်လှမ်းရေးဖခင်ကြီး ဦးခင်ညွန့်အကြောင်း သတင်းတွေ တော်တော်ဖတ်ရတော့ ဘ၀တစ်ကွေ့မှာထောက်လှမ်းရေးတွေနဲ

လက်ပွန်းတတီး နေလာခဲ့ရချိန်တွေကို ပြန်သတိရမိတယ် ။ ဒါပေမယ့် ထောက်လှမ်းရေးအကြောင်းပြောရင်းနဲ့ စကားက ဟိုရောက်ဒီရောက်ဖြစ်
လာရင်လည်း နားလည်ခွင့်လွတ်ပေးပါ ၊ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်က ထောက်လှမ်းရေးနဲ့ဆက်စပ်နေတဲ့ ဒေသတစ်ခွင်လုံးရဲ့အခြေအနေ
လည်းရောထွေးပါလာနိုင်လို့ပါ ။

 2002-2003 မှာ ကျနော်ဆယ်တန်းကိုတက်တယ် ။ ကျနော် ၉ တန်းအထိ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှာ ၊ ၁၀တန်းရောက်တော့ ကျနော့်အဒေါ်
ကျောင်းဆရာမတာဝန်ကျနေတဲ့ ဘူးသီးတောင်မောင်တော ကိုလိုက်ပြီးကျောင်းတက်ရတယ် ။ ဘူးသီးတောင် မောင်တောဆိုတာ တွဲပြီးသာခေါ်တာ
တကယ်က ဘူးသီးတောင်က မြို့ တစ်မြို့ ၊ မောင်တော က မြို့တစ်မြို့ ။ မောင်တောမြို့ကို ဘူးသီးတောင်မြို့ကတစ်ဆင့်သွားရတယ် ။ မောင်တော
မြို့က နယ်စပ်မြို့လို့လဲ ပြောလို့ရတယ် ၊ မောင်တောကျော်သွားရင် တောင်ပြိုတို့ ကော့ဘဇားတို့ စတဲ့ မြန်မာ-ဘင်္ဂလားနယ်စပ်ကိုရောက်တယ် ။



ကျနော်တက်ရတဲ့ ကျောင်းနာမည်က အထက လက်ဝဲဒက်ဘူးသီးတောင်လို့ ခေါ်တယ် ၊နေရာကတော့ ဘူးသီးတောင်က နေမောင်တောကိုသွားတဲ့
ကားလမ်းမ တ၀က်လောက်မှာ ။ ကျနော်တို့ကျောင်းက နေ ဘူးသီးတောင်ကိုသွားသွား ၊မောင်တောကိုသွားသွားတစ်နာရီလောက်ကြာတယ် ။ ကျနော်
တို့ကျောင်းရှေ့မှာ အမှတ်၁၈ ထောက်လှမ်းရေးတပ်ဆွယ်ရှိတယ် ။ ဒီတော့ ကျနော်တို့ကျောင်းကို ထောက်လှမ်းရေးတပ်ကျောင်းလို့လဲ ခေါ်
ကြတယ် ။

သိတဲ့အတိုင်းပဲ အဲ့ဒီအချိန်က ထောက်လှမ်းရေး မိုးကောင်းတဲ့အချိန် ၊ ရဲတွေ ခြေလျှင်ခြေမြန်တပ်တွေ အုပ်ချုပ်ရေးပိုင်းကအစ ထောက်လှမ်းရေးကို
ကြောက်နေကြရတယ် ။ ကျနော်လည်း ဘ၀တစ်လျှောက်လုံးစစ်တပ်အသိုင်းအ၀ိုင်းနဲ့ မကင်းခဲ့ပေမယ့် စစ်သားတွေချမ်းသာတာ ထောက်လှမ်းရေး
တပ်ထဲရောက်မှ မြင်ဖူးတော့တယ် ။ အောက်ခြေထောက်လှမ်းရေးရဲဘော်က အစ အိမ်တိုင်းမှာတီဗွီရှိတယ် ။ အိမ်တိုင်းနီးပါးမှာဆိုင်ကယ်ရှိတယ် ။
တီဗွီလောက်များကွာလို့မတွေးလိုက်နဲ့ ၊ လွန်ခဲ့တဲ့ ၁၀နှစ် အဲ့ဒီအချိန်က တီဗွီရှိရင် သူဌေးအငယ်စားပဲ ။ ရခိုင်ဘက်မှာဆိုရင် ဆိုင်ကယ်ကို ကယ်ရီ
တောင် မဆွဲနိုင်ကြသေးဘူး ။ လုပ်ငန်းရှင်တွေလောက်ပဲ ဆိုင်ကယ်စီးနိုင်ကြတဲ့ခေတ် ။ ဖုန်းလား လာမပြောနဲ့ ၊ ဖုန်းတစ်လုံးကို သိန်းနှစ်ဆယ်ကျော်
ကျော် ။ ဟန်းဖုန်းဆက်တဲ့လူကိုတွေ့ရင် ကျနော်ငယ်ငယ်ကဆို ငေးငေးကြည့်နေရတာ ။ အဲ့လို ။ ထောက်၁၈ တပ်ထဲကိုဝင်လိုက်ရင် လမ်းတိုင်းမှာ
ကတ္တရာအကောင်းစားခင်းထားတယ် ။ လမ်းတိုင်းဟာ နက်မှောင်ပြောင်ချောနေတာ ။ ဗဟိုကင်းက တိုက်ထားလိုက်တာများ ဖိတ်ဖိတ်တောက်နေ
တယ် ။ ထောက်ရဲဘော်က အစ ဝေါ်ကီတော်ကီစကားပြောစက် ( အိုင်ကွန် ) နဲ့ ဟိုသွားဒီသွား တက်ထရွန် နဲ့ ။

ထောက်၁၈ ရဲ့ဘေးမှာ ဗျူဟာရှိတယ်၊ ဗျုဟာတပ်တွေရှိတယ် ၊ တပ်ထိန်းတပ်ရှိတယ် ။ ၀င်သွားကြည်လိုက် ဂ၀ံကျောက်ခင်တဲ့လမ်း ၊ကျောက်ခဲ
စားသွားရင်တောင်အစာကြေတယ်လို့ အဆိုရှိတယ် ။ခြေလျှင်ခြေမြန်တပ်တွေဟာတကယ်ကိုဆင်းရဲကြပါတယ် ။ လိုင်းခန်းလေးတွေဆို ပြိုကျမတတ်
ယိုင်နဲ့လို့ ၊တချို့လိုင်းတွေဆို မီးမရှိ ရေမရှိ ၊ ရဲဘော်အကြပ်မိသားစုတွေဟာ ဗိုက်ပူနံကား ကလေးတွေများတယ် ။ စားဝတ်နေရေးအတွက်
ကြက်လေး ၀က်လေး မွေးရတယ် ။ တပ်က ခိုင်းတဲ့ ဖက်တိုက် လို့ခေါ်တဲ့ တပ်လုပ်အားပေးကိုလည်း အချိန်မှန်ပြေးလုပ်ရသေးတယ် ။ဗိုလ်ကတော်
တွေအိမ်မှာ ရဲဘော်မိန်းမတွေ ထမင်းချက်ပေးရတယ် ။ရေခပ်ပေးရတယ် ။ ရဲမေတွေ ဖက်တိုက်လုပ်နေတဲ့အချိန်မှာ ဗိုလ်ကတော်တွေက အပင်အောက်
မှာ အတင်းအုပ်နေတယ် ။

--
          
အရာရှိအဆင့်တွေကတော့ ဟန်ကိုယ်ဖို့ ၀တ်ကြစားကြတာတွေ့ဖူးပေမယ့် ၊ အချို့အရာရှိတွေလည်း စစ်ဖိနပ်အပေါက်စီးပြီး ဖက်ကြမ်းခဲနေကြ
တာလည်းတွေ့ခဲ့ဖူးရဲ့ ။ ထားတော့ ။ အဲ့ဒီအချိန်တုန်းက ထောက်လှမ်းရေး နဲ့ တခြားဆင်းရဲသားတပ်တွေကြားထည်းမှာလည်းမကြေလည်မှု့တွေ
ရှိတယ် ။ ထောက်တွေ တအားကောင်းစားတော့ တခြားတပ်တွေကို ထီမထင်ဘူး ၊ ဂရုမစိုက်ဘူးဆိုတဲ့ အပေါက်မျိုးဖြစ်လာတယ် ။ စစ်တပ်မှာ
အရာရှိနဲ့ အခြားအဆင့်တွေ့ရင် အခြားအဆင့်က အရင်အလေးပြုရတယ် ။ ဒါပေမယ့် ထောက်တွေက အခြားတပ်က အရာရှိတွေကို လမ်းမှာတွေ့
လည်းအလေးမပြုဘူး ၊ ရှေ့မှာလာရပ်ရင်လည်း အလေးမပြုဘူး ။ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတာ ။ နောက်အပိုင်းမှာ အဲ့ပြသနာကိုပြောပြမယ် ။


လူလူ ခြင်းအာဏာပြရတာ အလွန်ယစ်မှုးစရာကောင်းတယ် ။ အဲ့ဒီအချိန်တုန်း က ထောက်၁၈ ရဲ့ တပ်ဂိတ်မှာ ဘူးသီးတောင်က မောင်တောကိုသွား
တဲ့ကားရော ၊ မောင်တောက ဘူးသီးတောင်ကို လာတဲ့ကားရော ရပ်ရတယ် ။ မောင်တောကိုသွားတဲ့ကားကိုတော့ ဆန်စစ်တယ် ။ဆန်စစ်တယ်ဆိုတာ
ကဒီလို ။ အဲ့ဒီအချိန်က ဘင်္ဂလားဒေခ်ျ့မှာ ဆန်ဈေးတွေတအားကြီးနေတဲ့အချိန် ။ ဘင်္ဂလားဒျေ့်တွေက မြန်မာနိုင်ငံဘက်ကလာဝယ်တယ် ။

မြန်မာအစိုးရက ဒေသတွင်းဆန်ရှားပါးမှု့ဖြစ်လာမှာစိုးလို့ နယ်စပ်ကုန်သွယ်ရေးမှာဆန်ကိုပိတ်လိုက်တယ် ။ရောင်းခွင့်မရှိတော့ မှောင်ခိုလုပ်ကြတယ် ။
အဲ့ဒါကို စစ်တာ ။ ဘယ်လိုစစ်လဲဆိုတော့ ပီနံအိတ်တွေကို စူးနဲ့ထိုးပြီးစစ်တယ် ။ ပြီးရင်ပြန်နုတ်ကြည့်တယ် ။ ဆန်ဆိုရင် အမှုန်လေးတွေပါလာတယ်။
အဲ့လိုစစ်တာ ။ မောင်တောက လာတဲ့ကားကိုတော့ ဘာအကြောင်းပြချက်နဲ့စစ်လဲဆိုတာကျနော်လည်းအတိအကျမသိဘူး ။ ထောက်၁၈ ဂိတ်ရောက်
ရင်ကားပေါ်က လူတွေအကုန်ဆင်းပေးရတယ် ။ အဲ့ဒီအချိန်က ကျနော်က ကျောင်းတက်နေရုံသာမက တပ်ဂိတ်က လူတွေနဲ့လည်းတော်တော်ခင်နေ
ပြီ ။ ဂိတ်မှာထိုင်တဲ့ တပ်ကြပ် ချီးဗိုက် ၊ တပ်သား လံဘားတို့ဆို ညီအကိုလို ဘော်ဒါလို ဖြစ်နေပြီ ။ ဒီတော့ အားတိုင်းယားတိုင်း အဲ့ဒီဂိတ်မှာသွားသွား
ထိုင်တော့ ထောက်တွေရဲ့လုပ်ပေါက်တွေ မမြင်ချင်မှအဆုံး ။ ဘူးသီးတောင်မောင်တော ဆွဲတဲ့ကားတွေက ဟိုင်းလပ်တွေများတယ် ။ တပ်က မိသားစု
ဝင်တစ်ယောက်ယောက် အဲ့ဒီကားကိုစီးပြီး မြို့ကိုသွားချင်ရင် ဂိတ်မှာလာစောင့်နေရတယ် ။ ဂိတ်က ထောက်တွေက လာတဲ့ကားကိုစစ်ပြီးရင် တပ်ကလူ
တွေကိုခေါင်းခန်းကတင်ပေးလိုက်တယ် ။ဘယ်သူပဲ ဘယ်လောက်ပိုက်ဆံပေးပြီးစီးလာစီးလာ တပ်ဂိတ်ရောက်ရင် ခေါင်းခန်းကဆင်း နောက်ခန်းကို
သွားပဲ ။ ဒီတော့ ကျနော်တို့ မြို့သွားချင်ရင်လည်း အဲ့ဒီဂိတ်ကပဲစောင့်ပြီးစီးတယ် ။ ခေါင်းခန်းက လူကြီးတွေမျက်နှာမအီမသာ နဲ့ဆင်းပေးရပြီး ကိုယ်
က ခေါင်းခန်းကိုအမိန့်သားတက်စီးရရင်သဘောကျပြီး ဘ၀င်တွေမြောက်နေတာ ။ ငယ်လဲငယ်သေးတော့ မျက်နှာကိုချီထားတာ ။ ကားပေါ်ကလူတွေ
ကိုယ့်ကို ၀ိုင်းကြည့်တဲ့အကြည့်တွေကို သဘောမပေါက်ခဲ့ဘူး ။ ဒါပေမယ့် နောက်တော့ ကျနော် နောက်ခန်းကပဲ သွားစီးဖြစ်တာများပါတယ် ။
ဒါတောင်ကျနော် ထောက်လှမ်းရေးမဟုတ်ဘူးနော် ၊ ထောက်မိသားစုဝင်လည်းမဟုတ်ဘူး ။ သာမန်၁၀တန်းကလေးတစ်ယောက် အခွင့်ထူးခံရမှု့ကို
အဲ့လို ရစ်မှုးသွားတယ် ။ ဒီထက်ပိုဆိုးတဲ့ အာဏာပြမှု့တွေ ရှိသေးတယ် ။ . . . ဆက်ရန် ။
 မာဃလုလင်

No comments:

Post a Comment