Total Pageviews

Showing posts with label သတင်း နှင့် ဆောင်းပါး. Show all posts
Showing posts with label သတင်း နှင့် ဆောင်းပါး. Show all posts

Friday, February 10, 2012

မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ


မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ

မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၂
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် စစ်ထောက်လှမ်းရေးများဟု မတရားစွပ်စွဲကာ နှိပ်စက် သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူများစာရင်း ထွက်ရှိလာသည်ကို တွေ့ရသည်။ ဖေ့စ်ဘွတ်ပေါ်တွင် အဆိုပါစာရင်း ထွက်ရှိလာခြင်း ဖြစ်ပြီး  ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက် တွင် သတ်ဖြတ်ခံရသည့် ကျောင်းသားများစာရင်း ပါဝင်သည်ကို တွေ့ရသည်။ အဆိုပါ အရေးအခင်းကြောင့် ထွက်ပြေးလွတ်မြောက်လာသူ ကျောင်းသား လူငယ် ၇၀ ဥိး ရှိသည်ဟု ရေးသားထားသည်။
အမှန်တရား သည် သင်တို့နှင့်အတူ ရှိသည်၊ သင်တို့ ကောင်းရာသုဂတိ လားပါစေဟုလည်း ထုတ်ပြန်သည့်စာတွင် ရေးသားထားသည်။ အထက်ပါ လုပ်ကြံသတ်ဖြတ်မှု အနှစ် ၂၀ ပြည့် ပထမဦးဆုံး အများစုပေါင်း ကုသိုလ်ပြု ဆွမ်းကျွေး အမျှဝေခြင်းကို ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ပြုလုပ်မည်ဟု ကြေညာထားသည်။ အမေရိကန်ပြည်ထောင်စု မြန်မာအများစု နေထိုင်ရာ ဖို့ဝိန်းတွင်လည်း ဆွမ်းကျွေးပွဲ ပြုလုပ်မည်ဟု သိရသည်။



ပြည်သူတွေ ဖုန်းဆက်ခငွေတွေကို အစိုးရထံမှ (ရွှေပြည်တံခွန်က) ဒေါ်လာနှင့် မတောင်းလျှင် ငါးထောင်တန်ဖုန်းကဒ် ကိစ္စ ဖြစ်နိုင်သည်ဟု ဒေါက်တာဆိတ်ဖွားဆို....

ပြည်သူတွေ ဖုန်းဆက်ခငွေတွေကို အစိုးရထံမှ (ရွှေပြည်တံခွန်က) ဒေါ်လာနှင့် မတောင်းလျှင် ငါးထောင်တန်ဖုန်းကဒ် ကိစ္စ ဖြစ်နိုင်သည်ဟု ဒေါက်တာဆိတ်ဖွားဆို....


၅၀၀၀ တန် ဖုန်းကဒ်ရနိုင်မရနိုင်၏ အဓိကသော့ချက်

 
နိုင်ငံရေးအရထင်ရှားကျော်ကြားသူများ အကျဉ်ထောင်အသီးသီးမှ လွတ်မြောက်လာသည့် သတင်းများနည်းတူ အများစိတ်ဝင်စားသော အခြားကိစ္စတစ်ခုမှာ ၅၀၀၀ တန် မိုဘိုင်းတယ်လီဖုန်းကိစ္စ သတင်းဖြစ်သည် ။ ဒေသတွင်းနိုင်ငံများအတွင်း တယ်လီဖုန်း sim Card များကိုဈေးကြီးပေးဝယ်နေ ရသော မြန်မာနိုင်ငံ ပြည်သူများအဖို့ အထူးတစ်လည်စိတ်ဝင်တစားရှိကြသည်မှာလည်း အဆန်း မဟုတ်ပါပေ။

ထိုတယ်လီဖုန်းစီမံကိန်းကို တာဝန်ယူမည့် ရွှေပြည်တံခွန်ကုမ္ပဏီကလည်း ဖြစ်အောင်လုပ်မည် ၊ နည်းပညာအရ ဖြစ်နိုင်သည် ရကိုရမည် ၊ နိုင်ငံတော်ကခွင့်ပြုသည်နှင့် မတ်လတွင် စပြီးမိတ်ဆက်တော့မည် ဇွန်လတွင်ကဒ်များစရောင်းမည်  ၊ ပထမအဆင့်တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အကောင်အထည်ဖေါ်မည် ။နောက်ပိုင်းတစ်နိုင်ငံလုံး ဆောင်ရွက်မည် ၊ ဒေါ်လာသန်း ၈၀၀ ခန့် ရင်းနှီးမြှုတ်နှံမည် ၊ မြန်မာ့ဆက်သွယ်ရေးနှင့်မပတ်သက် ၊  အစရှိသဖြင့် အာမခံရဲရဲဖြင့် တာထွက်လာသောကြောင့် ပြည်သူအများက ၀မ်းသာကြလေသည် ။

ဝမ်းသာသည့်စိတ်နှင့်အတူ ဒီလောက် ပြည်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တွေကို အစိုးရက ဘာလို့ လက်တုန့်ဆိုင်းနေရတာလဲ ၊ သူတို့အတွက် အကျိုးအမြတ်မရှိလို့ မလုပ်တာနေမှာပေါ့ ၊ သူ့ဟာသူလုပ်မှာကို ဘာလို့ လက်နှေးနေရတာလဲ ၊ အစရှိသဖြင့် အပြစ်တင်ကြလေသည် ။ ထိုအတောအတွင်း မြန်မာ့ ဆက်သွယ်ရေးက အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက မြန်မာ့ဆက်သွယ်ရေးနှင့် အဆက်အသွယ် မလုပ်ပဲ မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသော တယ်လီဖုန်းများနှင့်ဆက်သွယ်ရန် နည်းပညာအရ မဖြစ်နိုင်ပါကြောင်း ၊ ပြည်ပနိုင်ငံများနှင့်ဆက်သွယ်ရန် မြန်မာ့ ဆက်သွယ်ရေး နှင့် မဖြစ်မနေဆက်သွယ် ရမှာ ဖြစ်ကြောင်း ၊ မိုဘိုင်းနက်ဝပ်တည်ဆောက်ရန်မှာ နေ့ချင်းညချင်း မဖြစ်နိုင်ပါကြောင်းပြောကြားခဲ့သဖြင့် ဦးဇော်မင်းဦးကို ၀ိုင်းဝန်းအပြစ်တင်ကြသူများ အများအပြားလည်းပေါ်ပေါက်လာလေ၏ ။

ပြည်တွင်းပြည်ပမှ နည်းပညာနှင့်နီးစပ်သူများ ကလည်း အခြားတိုင်းပြည်များရှိဈေးနှုံးများ ၊ နည်းပညာများကို ကိုးကား၍ လုပ်ရင် ရနိုင်ကြောင်း ၊ သူများရလျင်ကိုယ်ရရမှာဖြစ်ကြောင်းစသည်တို့ကို နည်းပညာ အကိုးအကား အချက်အလက်အကိုးအကား များဖြင့် ထောက်ခံသည့်ဘက်မှ ရေးသားကြ သည်များတွေ့ရသဖြင့် ပြည်သူများ၏ မျှော်လင့်ချက်သည် ပိုမို လာကာ အစိုးရတာဝန်ရှိသူများကို အပြစ်ဆိုသည် များလည်း ပို၍ ပို၍ တိုးလာလေတော့သည် ။

ဗမာလို ရိုးရိုးလေးတွေးကြည့်မိပါသည် အခြားနိုင်ငံများတွင် နည်းပညာအရ ရလျှင် ကျွန်တော်တို့နိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်ပါသည် ။ အခြားနိုင်ငံများတွင် ဈေးသက်သက်သာသာနှင့် ရနိုင်လျှင် မြန်မာနိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်လေသည် ။ အဓိက ပြသနာမှာ နည်းပညာပိုင်း ၊ Sim Card ၏ဈေးနှုန်းပိုင်းမဟုတ်ပါ  ၊ အဓိကသော့ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။



ယခင်အစိုးရလက်ထက်တွင်ရော ယခုအစိုးရလက်ထက်တွင်ပါ ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းတယ်လီဖုန်းလုပ်ငန်းများတွင် ရင်းနှီးမြှုတ်နှံလိုသူအများအပြား လာရောက်ဆွေးနွေးဘူးပါသည် ။ကမ္ဘာနှင့် ဒေသတွင်းမှ မိုဘိုင်းတယ်လီဖုန်း ကုမ္ပဏီကြီးများအပါအ၀င် ဖြစ်ပါသည် ။ပြည်တွင်းလုပ်ငန်းရှင်ကြီးများမှတစ်ဆင့်လည်း သက်ဆိုင်ရာကို ချဉ်းကပ်ဆက်သွယ်မှုများလည်းရှိပါသည် ။သက်ဆိုင်ရာကုမ္ပဏီများက ၁၀၀% ငွေကြေးရင်းနှီးမြှုတ်နှံမည် ၊ အကျိုးအမြတ်ကို နိုင်ငံတစ်ကာစံနှုန်းများ အတိုင်း နိုင်ငံတော်နှင့် ရင်းနှီးမြှုတ်နှံမှု ပြုလုပ်သည့်ကုမ္ပဏီတို့ ခွဲဝေယူကြမည် ။ ဒီအထိအဆင်ပြေပါသည် ။အဆင်မပြေသည့်အဆင့်မှာ သက်ဆိုင်ရာကုမ္ပဏီကြီးများက ၄င်းတို့ ရင်းနှီးမြှုတ်နှံထားသည့်ငွေများကို အမေရိကန်ဒေါ်လာနှင့် ပြန်လိုချင်သည့်ကိစ္စဖြစ်လေသည် ။


ဥပမာဆိုကြပါစို့ ယခုရင်းနှီးမြှုတ်နှံမည်ဟု နာမည်ကြီးနေသော ရွှေပြည်တံခွန်ကုမ္ပဏီသည်  မိုဘိုင်းတယ်လီဖုန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ရင်းနှီးမြှုတ်နှံကာ တယ်လီဖုန်း အလုံး ၂ သန်းကို မြန်မာပြည်သူတွေကို မရောင်းပဲအလကားပေးလိုက်သည် ဆိုကြပါစို့  ထိုဖုန်းအလုံး ၂ သန်းကိုရသွားကြကုန်သော မြန်မာတို့သည် တစ်သက်လုံး ချုပ်တီးထားသမျှ အတိုးနှင့်ပြောကြပေတော့မည် ။တစ်နေ့ကို ပျမ်းမျှ ဖုန်းတစ်လုံးသည် ၀.၅ ဒေါ်လာနှင့်ညီမျှသည့် မြန်မာငွေတန်ဘိုးပဲ ပြောသည်ဆိုကြပါစို့ ၊ အဆိုပါ ကုမ္ပဏီသည် တစ်နေ့အမေရိကန်ဒေါ်လာ ၁သန်း နှင့်ညီမျှသည့်ကျပ်ငွေများဝင်ငွေရှိလေသည် ။တစ်လ အမေရိကန်ဒေါ်လာ သန်း ၃၀နှင့် ညီမျှသော မြန်မာကျပ်ငွေများဝင်ငွေရှိလေသည် ။ တစ်နှစ်ဆိုလျှင် ဒေါ်လာ သန်း  ၃၆၀ နှင့်ညီမျှသော မြန်မာကျပ်ငွေများ ၀င်လာလေတော့သည် ။ ၃ နှစ်ဆိုလျှင် သူတို့အရင်းကျေလေပြီ....။ ထိုမြန်မာကျပ်ငွေနှင့်ဝင်လာသော ဖုန်းပြောခများကို သက်ဆိုင်ရာကုမ္ပဏီများက အစိုးရထံသွင်းပြီး အစိုးရထံမှ အမေရိကန်ဒေါ်လာ ပြန်လိုချင်ကြလေသည် ။ဒီမှာတင် အစိုးရက စဉ်းစားရလေပြီ ။မစဉ်းစား၍မရတော့ ၊ ပြည်သူတွေများများပြောလေ အစိုးရက ဒေါ်လာများများ ရှာရလေဖြစ်လာတော့မည် ။ ဒီနေရာမှာ အဆင်မပြေဖြစ်ကြလေသည် ။


တယ်လီဖုန်းပြောသည့် ကိစ္စတစ်ခုတည်းအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၃ ၊ ၄ ရာရှာရမည်မှာ မြန်မာနိုင်ငံ ကဲ့သို့နိုင်ငံငယ်အဖို့ မလွယ်လှ ၊ ယခင်က ယခုကဲ့သို့ ဒေါ်လာတရားဝင်လဲလှယ်သည့် နေရာများလည်းမပေါ်သေး ၊ ယခုပေါ်နေသော်လည်း လိုသလောက်လဲ၍မရနိုင် ထောင်ဂဏန်းလဲသည်ကိုပင်အဆင်မပြေလှသေး အကန့်အသတ်များရှိနေဆဲ၊ အခက်အခဲများရှိနေဆဲဖြစ်သည် ။ ငွေကြေးဈေးကွက်များပေါ်ပေါက်လာနိုင်ရေး ကြိုးစားနေရဆဲဖြစ်သည် ။ 


အချုပ်အားဖြင့်ဆိုရသော် ၅၀၀၀ တန်ဖုန်း စီမံကိန်းလုပ်မည်ဆိုသော ကုမ္ပဏီသည် အစိုးရထံမှ ဒေါ်လာကိုမည်သည့်နည်းနှင့်မျှ ပြန်မတောင်းလျှင်အဆင်ပြေပါမည် ၊ ပြန်တောင်းလျှင် အဆင်မပြေနိုင်ပါ ၊ အဖြေကဒါပဲဖြစ်မည်ဟုယူဆပါသည် ။ ပြည်တွင်းသတင်းမီဒီယာများအနေဖြင့် ဤမေးခွန်းကို ရွှေပြည်တံခွန်ကုမ္ပဏီ၏  MD ဦးလွင်နိုင်ဦးကို မေးစေလိုပါသည်  ၊ သူတို့ရင်းနှီးမြှုတ်နှံ ထားမှုအတွက် အစိုးရထံမှ တနည်းနည်းဖြင့် ဒေါ်လာပြန်ယူလို မယူလို သာမေးစေလိုပါသည်၊ သူ၏ အဖြေသည် ပြည်သူများစိတ်ဝင်စားနေသည့်  ၅၀၀၀ တန်ဖုန်း ဖြစ်နိုင် မဖြစ်နိုင် ၏ အဖြေဖြစ်မည် ထင်ပါသည် ။ဒေါ်လာ ပြန်ယူမည်ဆိုလျှင်မဖြစ်နိုင်ပါ ၊ဒေါ်လာ ပြန်မယူဘူး ဆိုလျှင် ဖြစ်နိုင်ပါမည် ။

 Voice Of Myanmar

Posted by at 11:42 PM

Thursday, February 9, 2012

အကူအညီလိုသူတွေအတွက် Legal Aid Project

Legal Aid Project  ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ  ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(female survivos  of  gender based violence)  အမျိုးသမီးများအတွက်  အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ  အခမဲ့  ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်

ရည်ရွယ်ချက်
-မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမူကိုတိုင်တန်းရန် (သို့) စွပ်စွဲခံရသောအမူကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် ဥပဒေကြောင်းအရ  အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အသက်(၁၈)နှစ်အောက်  ကလေးသူငယ်၊ လူငယ်များအား ကျောင်းစရိတ်အခက်အခဲရှိပါက ကျောင်းစရိတ်ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ် နှင့် တရားရုံးသို့သွားလာစရိတ် အခက်အခဲရှိပါက လူမူရေးစရိတ် ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲ ရှိပါက အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့သကူညီရန်

xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ  ပြစ်မူကျူးလွန်စော်ကားခံရလျှင်
xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်ကြောင်းစွပ်စွဲခံရ၍ တရားရုံးတွင် အမူရင်ဆိုင်ရလျှင်
xxx အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည်အတွက် ပြစ်မူကျူးလွန်စော်ကားခံရလျှင်

"  အမြန်ဆုံး  သတင်းပို့ပါ  ဥပဒေကြောင်းအရ  အခမဲ့ အကူအညီ ပေးပါသည်   "

Legal Aid Project  အောက်တွင် အမူလိုက်ပါဆောင်ရွက်သော ရှေ့နေများအား ရှေ့နေခ၊  ခရီးစရိတ်၊ စားစရိတ်၊ စာရွက်စာတမ်းခ များကို အမူသည်များက လုံးဝ မပေးရပါ၊
ရှေု့နေများမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံလာပါက စီမံကိန်းမန်နေဂျာထံတွင် တိုင်တန်းနိုင်ပါသည်။

                      ဦးငိုင်ဆာခ့်
               (စီမံကိန်း မန်နေဂျာ)
၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅
                 
"ရုံးခန်း"
အမှတ်(၃၈၅/၃၈၉)၊  (၆)ထပ်၊  အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊  မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

အကူအညီတောင်းခံနိုင်သောနေရာနှင့်ဖုန်းနံပါတ်များ

ဥပဒေကြောင်းအရ အကူအညီလိုအပ်သူများအနေဖြင့် အောက်တွင်ဖော်ပြထားသော လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အချိန်မရွေးအကူအညီ တောင်းခံနိုင်ပါသည်။

ရန်ကုန်ရုံးချုပ်
အမှတ်(၃၈၅/၃၈၉)၊  (၆)ထပ်၊  အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊  မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။၀၉-၂၀၅၄၇၈၂၊ ၀၁-၃၉၈၂၁၅

မန္တလေးရုံး
၂၆(ဘီ)လမ်း၊၆၂x ၆၃ လမ်းကြား၊
မဟာဇေယျာဘုံရပ်၊အောင်မြေသာစံမြို့နယ်၊
မန္တလေးမြို့၊၀၉-၄၉၂၄၀၈၇၃

ပုသိမ်ရုံး
အမှတ်(၅၆) ၊ ပုသိမ်-မုံရွာ-ရေဦးလမ်း၊
(၁၅)နယ်မြေ ၊ မြတ်တိုရပ်ကွက် ၊ပုသိမ်မြို့။
၀၉-၈၅၅၃၄၃၀၊ ၀၉-၇၃၁၃၀၅၂၁

ပြည်ရုံး
အခန်းအမှတ်(၁၅)၊မီးသတ်တိုက်ခန်း၊
ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊ပြည်မြို့။
၀၉-၇၃၁၃၀၅၂၃

ပဲခူးရုံး
အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊
ပဲခူးမြို့။၀၉-၇၃၁၂၆၄၂၅

တောင်ကြီးရုံး
အမှတ်(၁၁၂)၊ မြေညီထပ်၊ဇောတိကလမ်း၊သစ်တောရပ်ကွက်
တောင်ကြီးမြို့။၀၉-၄၉၃၁၉၉၄၈

မြစ်ကြီးနားရုံး
အမှတ်(၆၂)၊ စီတာပူရပ်ကွက်
မြစ်ကြီးနားမြို့။၀၉-၆၄၁၂၁၇၉


ပခုက္ကူရုံး
အမှတ်(၃၅)၊တပ်မလမ်း၊ (၇)ရပ်ကွက်
ပခုက္ကူမြို့။၀၉-၄၉၃၂၁၁၈၁


ကလေးရုံး
အမှတ်(၄/၇)၊ပင်လုံလမ်းမတော်လမ်း၊
ပင်လုံရပ်ကွက်၊ကလေးမြို့။
၀၉-၄၉၃၃၀၇၁၅


လားရိုးရုံး
ဆိုင်ခန်းအမှတ်(၁၁)၊စစ်သားစုဆောင်းရေးတိုက်တန်း၊ကံ့ကော်လမ်းနှင့် ဘူတာလမ်းထောင့်၊
ရပ်ကွက်(၁)လားရိုးမြို့။၀၉-၇၃၁၃၆၃၂၆၊၀၈၂-၃၀၅၃၅


မော်လမြိုင်ရုံး
အမှတ်(၃၃/ဘီ) သိပွံလမ်း၊အန်းဘဲတန်း ရပ်ကွက်၊
မော်လမြိုင်မြို့။၀၉-၄၉၃၂၅၉၀၂

မုံရွာရုံး
မုံရွာတက္ကသိုလ်ဘုရားအနီး၊ကျောက်ကာလမ်း၊
မုံရွာမြို့။၀၉-၄၇၀၅၈၂၅၅

မကွေးရုံး
အမှတ်(၈၀)၊ကမ်းနားလမ်း၊အလယ်ရပ်၊
မကွေးမြို့။၀၉၄၉၃၂၂၁၁၇၈

ကျိုင်းတုံရုံး
နောင်နွန်ကျေးရွာ၊မိုင်းဇိုင်း၊ကျိုင်းတုံမြို့။
၀၉၅၂၅၂၀၈၆

သံတွဲရုံး
အမှတ်(၁၂၃)၊ဇီဇဝါလမ်း၊(၆)ရပ်ကွက်၊သံတွဲမြို့။
၀၉-၈၅၁၆၆၄၈


ဘားအံရုံး
အမှတ်(၆/၄၃၂)မြို့တော်ဦးလမ်း၊(၆)ရပ်ကွက်။
ဘားအံမြို့။၀၉-၇၃၁၄၀၂၃


တောင်ကုတ်ရုံး
ပြည်-တောင်ကုတ်လမ်း၊ ကန်ပိုင်ရပ်ကွက်၊တောင်ကုတ်မြို့။
၀၉-၄၉၆၆၈၁၃၉


မြိတ်ရုံး
အမှတ်(၃၅)၊ သိန်းညီနောင်လမ်း၊ကံဖျားရပ်ကွက်။မြိတ်မြို့။
၀၉-၄၉၈၇၂၄၃၀


ထားဝယ်ရုံး
အမှတ်(၄၃၀)၊ရေးလမ်း၊ဆင်ဆိမ့်ရပ်ကွက်၊ထားဝယ်မြို့။၀၉-၄၉၈၅၀၈၂၆

Wednesday, February 8, 2012

အမေရိကန် စစ်ရေးလေ့ကျင့်မှုကို မြန်မာစိတ်ဝင်စား

အမေရိကန် စစ်ရေးလေ့ကျင့်မှုကို မြန်မာစိတ်ဝင်စား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။      ။ နိုင်ငံစုံပါဝင်ပြီး အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အား မြန်မာက စိတ်ဝင်တစားရှိကြောင်း ထိုင်း စစ်တပ် အကြီးတန်း အရာရှိတဦးက ဂျပန် ကျိုဒိုသတင်းဌာနကို အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ အနေဖြင့် အနာဂတ်တွင် ထို နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ၌ ပါဝင်ရန် စိတ်ဝင်စားသည်ဟု လွန်ခဲ့သည့် အပတ်က ပြောဆိုခဲ့သည်ဟု အဆိုပါ ထိုင်းအရာရှိက ဆိုသည်။

ရွှေမြွေဟောက် Cobra Gold ၁၂ အား ထိုင်းနိုင်ငံတွင် အင်္ဂါနေ့က စတင် ပြုလုပ်လျက်ရှိပြီး ထိုပူးတွဲစစ်ရေးလေ့ကျင့်မှု သည် အာရှ-ပစိဖိတ် ဒေသတွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။

ယခုလက်ရှိ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နိုင်ငံများမှာ ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံတို့ ဖြစ်သည်။

အမေရိကန် ကမ်းတက် တပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ပစ်ခတ်မှု လေ့ကျင့်ခန်းများ၊ စစ်မတိုက်ရသည့် အမှုထမ်းများ အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးသည့် လေ့ကျင့်ခန်းများ ပါဝင်သကဲ့သို့ ကွန်ပျူတာများ အသုံးပြု၍ စစ်ပွဲ အခြေအနေမျိုး ဖန်တီးကာ စစ်အမိန့်ပေးသည့် လေ့ကျင့်ခန်းများလည်း ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည်။ ထို့အပြင် လူသားချင်းစာနာမှု အကူအညီပေးသည့် လေ့ကျင့်ခန်းများနှင့် အရပ်သားများအား အကူအညီပေးသည်
လေ့ကျင့်ခန်းများသည်လည်း စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတရပ် အဖြစ် ပါဝင်သည်။


Cobra Gold စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်

အမေရိန်ကန် ပြည်ထောင်စု ပစိဖိတ်ကွပ်ကဲရေးဌာနချုပ် စစ်ဦးစီးချုပ် (USCINCPAC) က ဒီဇိုင်းရေးဆွဲသော Cobra Gold စစ်ရေးပူးပေါင်း လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ - ကျူးကျော်မှုများကို ဟန့်တားနိုင်ရန်၊ ငြိမ်းချမ်းရေးကို
မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီကျသော အတွေးအခေါ်များကို အားပေးရန်နှင့် ရှောင်လွှဲ၍ မရသော ပဋိပက္ခဖြစ်လာပါက လိုအပ်လျှင် အမေရိကန်က ဝင်ရောက်ကူညီတိုက်ခိုက်ခြင်းကို ခွင့်ပြုရန် စသည့် ရည်ရွယ်ချက်များ ပါဝင်သည်။ ထို့ပြင် CG စစ်ရေးလေ့ကျင့်မှုသည် လူသားချင်း စာနာထောက်ထားသော အကူအညီများ ထောက်ပံ့ ကူညီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အဓိက ရည်ရွယ်၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပန်းတိုင်

Cobra Gold ၏ ပန်းတိုင်မှာ အကျပ်အတည်းများ ဖြစ်လာပါက အကျပ်အတည်းများကြားတွင် ငြိမ်းချမ်းရေး၊ ဟန့်တားရေးနှင့် ပူးပေါင်းဆောင်ရွက်သော နည်းများဖြင့် ညှိနိုင်းဆောင်ရွက်နိုင်ရန်နှင့် ပါဝင် ဆောင်ရွက်နိုင်ရန်
ဖြစ်သည်။ ပဋိပက္ခများ ဖြေရှင်းရာတွင် ဖြစ်နိုင်ပါက မဟာမိတ် နိုင်ငံများနှင့်ပူးပေါင်း၍ ပဋိပက္ခများကို အလျင်အမြန် ဆုံးဖြတ်နိုင်ရန်ဖြစ်သည်။

နိုင်ငံတကာ၏ စောင့်ကြည့်မှု

အစပိုင်းတွင် နိုင်ငံတကာက Cobra Gold စစ်ရေးလေ့ကျင့်မှုကို စိုးရိမ်ခဲ့ကြပြီး၊ ၂၇ ကြာ စစ်ရေးလေ့ကျင့်မှု နောက်ပိုင်း တွင် Cobra Gold ၏ အစီအစဉ်အရ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများကို စောင့်ကြည့်
လေ့လာစေပြီးသောအခါ Cobra Gold သည် မည်သည့်နိုင်ငံကိုမျှ စစ်ရေးအရ ခြိမ်းခြောက်မှု မရှိကြောင်း၊ နိုင်ငံတကာ က သာမက၊ အာဆီယံနိုင်ငံများကပါ လက်ခံလာခဲ့ကြသည်။

တတိယနိုင်ငံများက Cobra Gold စစ်ရေးလေ့ကျင့်မှုအပေါ် စိတ်ဝင်စားမှုများလာခြင်းကြောင့်၊ အမေရိကန် ပစိဖိတ် စစ်ဌာနချုပ်က Cobra Gold စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်လေ့လာစေသည့် အစီအစဉ်တခုကို ရေးဆွဲခဲ့သည်။ ထိုအစီအစဉ်ကို စီမံခန့်ခွဲရန် ထိုင်းနှင့် အမေရိကန်မှ အရာရှိများ ပူးပေါင်းကြီးကြပ်ကာ စောင့်ကြည့် လေ့လာရေးအဖွဲ့ (COLT) ကို ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့၏ ဒါရိုက်တာအဖြစ် ထိုင်းတပ်မတော်မှ ဗိုလ်မှူးကြီး တဦးက ဆောင်ရွက်ပြီး၊ လက်ထောက် ဒါရိုက်တာအဖြစ် အမေရိကန် ရေတပ်မှ ဗိုလ်ကြီးတဦးက ဆောင်ရွက်သည်။

၂ဝဝဝ ခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများက စောင့်ကြည့်
လေ့လာခဲ့ပြီး၊ ၂ဝဝ၁ ခုနှစ်တွင် သြစတြေးလျ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယားနှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း ၉ နိုင်ငံမှ ကိုယ်စားလှယ် ၃၅ ဦးတို့က စောင့်ကြည့်လေ့လာခဲ့သည်။ ၂ဝဝ၈ ခုနှစ် CG ကို သြစတြေးလျ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယား၊ ရုရှ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ
စောင့်ကြည့်လေ့လာသူများ တက်ရောက်ခဲ့ကြသည်။ ယခုနှစ် ၂ဝ၁ဝ ခုနှစ် Cobra Gold လေ့ကျင့်မှုကို တရုတ်၊
ပြင်သစ်၊ ဖိလစ်ပိုင်၊ ဂျာမဏီနှင့် အခြားနိုင်ငံများမှ အရာရှိ ၁ဝ ဦးတို့ စောင့်ကြည့်လေ့လာကြမည်ဟု သိရသည်။

တတိယနိုင်ငံများအနေနှင့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်မည်ဆိုပါက၊ ထိုသို့ မပါဝင်မီ စောင့်ကြည့်
လေ့လာရေး အစီအစဉ်တွင် ဦးစွာပါဝင်ရမည်ဟု Cobra Gold စောင့်ကြည့်လေ့လာရေးအဖွဲ့ (COLT) က သတ်မှတ် ထားသည်။ စင်္ကာပူနိုင်ငံအနေနှင့်လည်း Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့ပြီး၊ ၂၀၀၀ ခုနှစ်မှ စတင်ကာ ၎င်း၏ လက်နက်ကိုင်တက်ဖွဲ့များ CG လေ့ကျင့်မှုတွင် ပါဝင်ခွင့်လေ့ကျင့်ခွင့် ရရှိခဲ့ခြင်း
ဖြစ်သည်။ ယခုနှစ်တွင်မူ တောင်ကိုရီးယားနိုင်ငံပါ ပါဝင်လာပြီး စုစုပေါင်း ၆ နိုင်ငံ ပူးပေါင်းလေ့ကျင့်မည် ဖြစ်သည်။

အချို့က Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားနိုင်ငံ ပါဝင်လာခြင်းသည် အရှေ့အာရှ၌ အာဏာ အားပြိုင်မှုကို ခြိမ်းခြောက်နေကြောင်းလည်း သုံးသပ်ကြသည်။ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူအချို့ကမူ
တောင်ကိုရီးယားနိုင်ငံက ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လာခြင်းသည် ဘန်ကီမွန်းအနေနှင့် ကုလသမဂ္ဂတွင် အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည့် အခြေအနေတွင် တောင်ကိုရီးယားနိုင်ငံ အနေနှင့်လည်း အခြားနိုင်ငံများ အရေးကို ဂရုစိုက်ကြောင်း ပြသသည့် သဘောမျိုးဖြင့် ပါဝင်တာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်လေတပ်မှ MC-130P (Combat Shadow tankers), MH-53J PAVE-LOW III, MH-60L Black Hawks နှင့် UH-1V Medivac စသည့် ရဟတ်ယာဉ်များကို ကြည်းတပ် လေ့ကျင့်မှု တွင် အသုံးပြုမှာ ဖြစ်ပြီး၊ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု၌ CH-46, UH-1, SH-60, F-14, F-18, ES-3, EA-6 and C-2; and US Marine Corps: KS-130, C-12F, CH-46, CH-53E, F/A-18, AV-8B, AH-1W and UH-1N စသည့် ရဟတ်ယာဉ်များ အသုံးပြုမည်ဖြစ်သည်။ အသုံပြုမည့် သင်္ဘောများမှာ အမေရိကုန်လုပ် EPU 111 of Oklahoma City; EPU 113 of Fort Worth, Texas; EPU 116, Everett, Wash.;  EPU 117 of Alameda, Calif စသည့် သင်္ဘောများ
ဖြစ်သည်။

၂ဝဝ၃ ခုနှစ် CG ကို ထိုင်းနိုင်ငံအရှေ့တောင်ဘက်၊ ဘန်ကောက်မြို့မှ ၁၄၅ ကီလိုမီတာအကွာရှိ ရာရောင် (Rayong) ခရိုင်၌ ကျင်းပခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၁၄ဝဝဝ နှင့် ထိုင်းလက်နက်ကိုင် တပ်ဖွဲ့ ၇၀၀၀ ပူးပေါင်း စစ်ရေးလေ့ကျင့် ခဲ့သည်။ ၂ဝဝ၃ CG စစ်ရေးပူးပေါင်း လေ့ကျင့်မှုတွင် အမေရိကန်စစ်တပ်မှ သင်္ဘော ၆ စင်း၊  လေယာဉ် ၄၁ စင်း နှင့် ထိုင်းဘက်မှ စစ်သင်္ဘော ၁၁  စင်းနှင့် လေယာဉ် ၃၂ စင်း တို့ဖြင့် ပူးပေါင်းလေ့ကျင့်ခဲ့ကြသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် ကုန်ကျမှု

၂ဝဝ၉ ခုနှစ် CG လေ့ကျင့်မှုအတွက် ထိုင်းနိုင်ငံက ဘတ် သန်းပေါင်း ၄၀ ကုန်ကျခံခဲ့ပြီး၊ အမေရိကန်ဘက်မှ ဒေါ်လာ ၁၁၃ သန်းသုံးစွဲခဲ့သည်။ သို့သော် ယခုနှစ်အတွက် မည်ရွေ့မည်မျှ သုံးစွဲမည်ဆိုသည်ကို မသိရှိရသေးပေ။

Cobra Gold  နှင့် မြန်မာနိုင်ငံ

၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့က စင်္ကာပူနိုင်ငံ Shangari-La ဟော်တယ်၌ ပြုလုပ်သော အစည်းအဝေး၌ အမေရိကန် ကာကွယ်ရေးကြီးဌာန ဝန်ကြီး ရောဘတ်ဂိတ် (Robert Gates) က မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို ကူညီရန် မြန်မာအစိုးရ အရာရှိများနှင့် ဆွေးနွေးခဲ့ပြီး၊ Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုသော အမေရိကန်
ရေတပ်သင်္ဘောများ စေလွှတ်ခြင်းကို မြန်မာစစ်အစိုးရဘက်က လက်မခံခဲ့ပေ။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ခံမှုများ တိုက်တွန်းမှုများ ပြုလုပ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ခံမှုများ တိုက်တွန်းမှုများ ပြုလုပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။          ။ တပ်မတော်တွင် နှစ် ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း တယောက်
ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တိုင်းပြည် အခြေအနေနှင့် ပတ်သက်၍ ဝန်ခံမှုတချို့ ပြုလုပ်ခဲ့ပြီး  အမှန်တကယ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ကြရန် လွှတ်တော် အမတ်များကို တိုက်တွန်း ပြောဆိုသွားသည်။

"အမှန်အတိုင်း ဝန်ခံပြောဆိုရမည်ဆိုလျှင် ယနေ့ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိ ရရှိနေသော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိကြပါ။ အခြေခံစားဝတ်နေရေး၊ လူမှုရေးအတွက် လောက်ငစွာ မရရှိပါ" ဟု နိုင်ငံ့ဝန်ထမ်းများ လုပ်ခ လစာများ တိုးမြှင့်ပေးရန်
ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

“လုပ်ခ၊ လစာနည်းတာကို အကြာင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာတမ်းကြေးများ တောင်းယူခြင်းနင့် အခြားမလျော်ကန်သော လာဘ်ပေးလာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို ဝမ်းနည်းစွာ ကြားသိနေရပါတယ်” ဟုလည်း ပြောသွားသည်။

နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြေခံထုတ်ကုန် ထုတ်လုပ်သူများမှာလည်း အရှုံးပေါ်နေပြီး “အရှုံးပေါ်နေမှုဟာ
နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေရပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး တာဝန်ရှိသူများက ဆောင်ရွက်မပေးရာလည်း
ရောက်ပါတယ်။ ဒီအခြေအနေများကို ဝမ်းနည်းစိတ်မကောင်းစွာဖြင့် လက်ခံနေရမည့် အချိန်မဟုတ်တော့ပါဘူး” ဟုလည်း သူရဦးရွှေမန်း က ထည့်သွင်း ပြောသွားသည်။

မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် အမိန့်ညွှန်ကြားချက်ဖြင့် နွေစပါး၊ မိုးစပါး စိုက်ပျိုးစေခြင်းသည်လည်း ဒေသ၏
ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး၊ အသေးစိတ် လေ့လာခြင်းမရှိသည့် ဆည်စီမံကိန်းများကြောင့် အချို့ဒေသများတွင် လယ်မြေများ ရေကြီးကာ စိုက်ပျိုးနိုင်ခြင်း မရှိဟုလည်း ထောက်ပြ
ပြောဆိုသွားသည်။

မြန်မာနိုင်ငံရှိ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ အခြေအနေနှင့် ပတ်သက်၍လည်း “စက်ရုံသာ ပြီးစီးပြီး ကျွမ်းကျင်လုပ်သားမရှိ၊ လုပ်သားမလုံလောက်၊ စက်ရုံသာပြီးစီးပြီး လျှပ်စစ်ဓာတ်အား မလုံလောက်၊ လျှပ်စစ်ဓာတ်အားမရ၊ စက်ရုံသာပြီးစီးပြီး စွမ်းအင်(Energy) ခေါ် Gas မလုံလောက်၊ Gas မရ၊ အခြားလိုအပ်သော
လောင်စာစွမ်းအင်များမရ၊ ကုန်ကြမ်းများ မလုံလောက်၊ ကုန်ကြမ်းများမရ" ဟုလည်း ထည့်သွင်းပြောသွားသေးသည်။

အတိတ်မှ မှားယွင်းမှုများကို သင်ခန်းစာယူကာ ပြုပြင်ပြောင်းလဲမှုများ ရဲဝံ့စွာ ဆောင်ရွက်သွားကြရန်လည်း သူ၏ လွှတ်တော်တွင်း ဆွေးနွေးမှုတွင် ဦးရွှေမန်းက ထည့်သွင်း ပြောကြားသွားသေးသည်။

“အတိတ်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စများကို ပြစ်တင်ဝေဖန်မှုပြုနေလျှင်လည်း ဘာမှအကျိုးမထူးပါ။ အတိတ်အပေါ် သင်ခန်းစာများယူပြီး ရဲဝံ့စွာ ပြုပြင်ဆောင်ရွက်သွားဖို့ပဲ လိုပါတယ်။ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ကြရပါ မယ်။ ခံယူချက်(Concept)တွေ၊ စိတ်ထား(Mind set)တွေ ခေတ်မီဖို့ ခေတ်နှင့်လျော်ညီဖို့ လိုပါတယ်။ ကောင်းတာ
ဖြစ်ဖို့ ပြောင်းလဲကြရအောင်ပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသားကို တကယ်ချစ်လျှင် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် ဘာသာအယူအစွဲမထားဘဲ စီမံဆောင်ရွက် ကြရအောင်ပါ။ သန်း ၆ဝ သော ပြည်သူလူထုကြီး၏ မျက်နှာနှင့် အကျိုးစီးပွားကိုကြည့်ကြရအောင်ပါ” ဟု ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များကို ပြောဆိုသွား သည်။

ဦးရွှေမန်းက သူ၏ လွှတ်တော်အတွင်း တင်ပြမှုများနှင့်ပတ်သက်၍ “ကျနော်တင်ပြနေတာက ပြည်သူများရဲ့ အသံ
တွေပါ၊ ပြည်သူများထဲမှ ဝန်ထမ်းများ၏ အသံတွေပါ၊ ပြည်သူ့ရဲ့ ဆန္ဒတွေပါ။ ပြည်သူများ၏ မျှော်လင့်ချက်တွေပါ။
ပြည်သူများ၏ မျှော်လင့်ချက်တွေကို ဤပြည်ထောင်စုလွှတ်တော်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ အမြင့်ဆုံးသော သြဇာအကြီးမားဆုံးသော ဤလွှတ်တော်ကြီးက အတည်ပြုပေးပါ” ဟုလည်း ထည့်သွင်းပြောသွား သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးရွှေမန်းသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပါတီ၏ အထူးအစည်းအဝေးတွင်လည်း သူ၏ ပါတီဝင်များကို “အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစား မလုပ်ကြနဲ့တဲ့။ စစ်ဆေးလို့ရှိရင်တော့ အကုန်ပြုတ်မှာ" သတိပေးသွားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီမှ ဗဟိုဦးစီး အဖွဲ့ဝင် တဦးက မဇ္ဈိမကိုပြောသည်။

ဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်တပ်တပ်မှ ၂ဝ၁ဝ ခုနှစ်တွင် အနားယူကာ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးရွှေမန်းသည် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်းက နေပြည်တော်တွင်ပြုလုပ်သည့် “ကမ္ဘာ့ ဒီမိုကရေစီနေ့” တွင် မိမိကိုယ်ကိုယ် “ဒီမိုကရေစီ ဘက်တော်သား” ဟု သုံးနှုန်းပြောဆိုခဲ့သူလည်းဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် (Defence Services Academy) အမှတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးရွှေမန်းသည် တပ်မတော်တွင် ၁၉၆၉ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ တွင် တပ်မှ အနားယူကာ
နေပြည်တော် ဇေယျာသီရိမြို့နယ်မှ ကြံ့ခိုင်ရေးပါတီပြည်သူ့လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံကာ အနိုင်ရခဲ့သူဖြစ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ဦးရွှေမန်းသည် ဦးသိန်းစိန်အစိုးရ၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ခိုးကူးခွေများ ဖမ်းပေးဖို့ အကယ်ဒမီ ဝေဠုကျော် အာဏာပိုင်များကို တောင်းဆို

ခိုးကူးခွေများ ဖမ်းပေးဖို့ အကယ်ဒမီ ဝေဠုကျော် အာဏာပိုင်များကို တောင်းဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံက ထွက်ရှိနေသော ရုပ်ရှင်နှင့် ဗွီဒီယိုကားများအား တရားမဝင် ခိုးကူး
ရောင်းချနေမှုများအား အာဏာပိုင်များအနေဖြင့် စနစ်တကျ ဖမ်းဆီး အရေးယူပေးရန် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော် က တောင်းဆိုလိုက်သည်။

၂ဝ၁ဝ ခုနှစ်အတွက် ပူပူနွေးနွေး အကယ်ဒမီဆု ရရှိသူ မင်းသားဝေဠုကျော်က အင်္ဂါနေ့က နေပြည်တော်တွင်
ပြုလုပ်သော အကယ်ဒမီဆုပေးပွဲအခမ်းအနား၍ အကယ်ဒမီဆုရရှိမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားရာ တွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

“လမ်းဘေး၌ ခိုးနေကြသော ခိုးကူးခွေများ အားလုံးကိုလည်း စနစ်တကျ ဖမ်းပေးပါလို့ ဒီနေရာကနေ နိုင်ငံတော် အကြီးအကဲများကို မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်” ဟု သူက အကယ်ဒမီ ဆုပေးပွဲတွင် ပြောဆိုသွားသည်။
ဝေဠုကျော်သည် ၂ဝ၁၁ ခုနှစ် ရုပ်ရှင်အကယ်ဒမီဆုအတွက် ရွေးချယ်ရာတွင် “ပင်လယ်ထက်က နေဝန်းနီ” ရုပ်ရှင်ကားဖြင့် အမျိုးသား ဇာတ်ပို့ဆု ရရှိခဲ့သည်။



ခိုးကူးခွေ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ပြသခြင်းတို့ လုပ်ဆောင်ပါက ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမည်ဟု ရန်ကုန်တိုင်း ကောင်စီ (တယက) က ၂ဝ၁ဝ ခုနှစ် အစောပိုင်းတွင် ကြေညာခဲ့ပြီး ရဲနှင့် မြို့နယ် ဗီဒီယိုအခြေခံ အဖွဲ့ဝင်များက လှည့်လည် စောင့်ကြည့်နေခြင်း ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်အထိ ရန်ကုန်မြို့ လူစည်ကားရာနေရာများနှင့် အခွေဆိုင်တချို့တွင် ခိုးကူးခွေများ ရောင်းချနေဆဲ ဖြစ်ကြောင်း ရုပ်ရှင်နှင့် ဗွီဒီယို ထုတ်လုပ်ဖြန့်ချိသူများထံမှ စုံစမ်းသိရှိရသည်။

တရားမဝင် ခိုးကူးခွေရောင်းချမှုသည် နယ်မြို့များထိပါ ပြန့်နှံ့နေသဖြင့် ဗွီဒီယို ထုတ်လုပ်ရေး လုပ်ငန်းတချို့မှာလည်း ရပ်ဆိုင်းရတော့မည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ကျောက်တံတားမြို့နယ် ဗွီဒီယို ရိုတ်ကူး၊ ထုတ်လုပ်၊
ဖြန့်ချိရေး လုပ်ဆောင်နေသူတဦးက ပြောသည်။

“ခိုးကူးခွေတွေကို နယ်တွေကို ဖြန့်တယ်။ ကြိုရောက်နေတယ်။ နယ်ကိုယ်စားလှယ်တွေက သူတို့လည်း မရောင်းရ
တော့ ပိုက်ဆံ ပြန်မလွှဲနိုင်ဘူး။ ကျနော်တို့လည်း အကြွေးကျ။ ဒါကြောင့် ဘယ်လိုမှ ဆက်လုပ်ဖို့ အဆင်မပြေတော့ဘူး ဒီပုံစံအတိုင်း နောက် ၂ လ လောက်ထိ ဆက်သွားနေမယ်ဆိုလို့ရှိရင် တကယ်ထုတ်လုပ်သူတွေ တော်တော်များများ ရပ်ဖို့တောင် တချို့တွေ လုပ်နေကြတယ်။ အကြီးကြီးတွေ မရပ်ရင်တော့မှ ထုတ်လုပ်သူ အသေးတွေက သေချာ သလောက် ရပ်တော့မယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

အစိုးရ အာဏာပိုင်များအနေဖြင့် ခိုးကူးခွေများ ပပျောက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသော်လည်း ယခင်နှစ် နှစ်ကုန်ပိုင်းက ရုပ်ရှင်ဗွီဒီယိုများအပေါ် တင်းကြပ်ထားသည့် အချက်အချို့ကို ဖြေလျှော့ပေးခဲ့သည်။ ထိုသို့ အစိုးရတာဝန်ရှိသူများ အနေဖြင့် ရုပ်ရှင်ဗွီဒီယိုများအပေါ် တင်းကြပ်ထားသည့် ဆင်ဆာမူများကို လျှော့ချပေးခဲ့ခြင်း အတွက်လည်း ကျေးဇူးတင်ကြောင်း ဝေဠုကျော် က အကယ်ဒမီ ဆုပေးပွဲတွင် ပြောဆိုခဲ့သည်။

“ကျနော်တို့ ရုပ်ရှင်ဗွီဒီယိုလောကသားများရဲ့ မှတ်တိုင်ဟာ အကယ်ဒမီလို့ ပြောလို့ရပါတယ်။ အဲဒီ မှတ်တိုင်ကို
ရောက်ဖို့အတွက် ကျနော်တို့ ကားကြီးတွေ ရိုတ်ရပါမယ်။ ဒါပေမယ့် ကားကြီးတွေရိုတ်ရင်းနဲ့ အမြဲတမ်း ရပ်တည်လို့ မရပါဘူး။ ကျနော်တို့ တကယ် ထမင်းစားရတာ ဗွီဒီယိုပါ။ အဲဒီတော့ ဗွီဒီယိုလောကကြီး ကောင်းဖို့အတွက်လည်း ကြိုးစားရပါဦးမည် နိုင်ငံတော်ကလည်း ဆင်ဆာ မူများနှင့်ပါတ်သက်လို့ လျှော့ပေးခဲ့ပါပြီ။ အဲဒီအတွက်လည်း ဝမ်းသာပါသည်။ ကျေးဇူးတင်ပါသည်” ဟု ဝေဠုကျော် က ပြောဆိုခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်နှင့် ဗွီဒီယိုများအပေါ် တင်းကြပ်ထားသည့် အချက် ၁ဝ ချက်ထဲမှ “ကိုယ်ကျင့်တရား
ကောင်းမွန်ရေး၊ ရာဇဝတ်မှု ပပျောက်ရေး၊ ညစ်ညမ်းမှု ကင်းရှင်းရေး၊ ကလေးသူငယ်များအရေး” ဟူသည့် အချက် ၄ ချက်ကို ၂ဝ၁၁ ဒီဇင်ဘာလထဲတွင် လျှော့ချပေးခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းရေးကို ကြိုးစားလုပ်ဆောင်နေမှုများတွေ့ရှိရသဖြင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ၂ဝ၁ဝ ခုနှစ်၏ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရှင် ပြေတီဦး ကလည်း ကျေးဇူးတင်စကား ချီးမြင့်ရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“အခုဆိုရင်ကျနော်တို့ရဲ့ နိုင်ငံကြီးဟာ အသွင်ကူးပြောင်းပြီးတော့ ဒီမိုကရေစီနိုင်ငံကြီးကို စတင် အားယူပြီးတော့
ပြောင်းလဲ နေပါပြီ။ ကျနော်တို့တွေဟာ ကောင်းသော ပြောင်းလဲခြင်းတွေ အားလုံးကိုလည်း မျက်ဝါးထင်ထင်
တွေ့မြင်နေရပါပြီ။ အဲဒီအတွက် နိုင်ငံတော်အကြီးအကဲများအားလုံးကိုလည်း ကျေးဇူး အရမ်းတင်ပါတယ်” ဟု
ပြေတီဦးက ပြောသည်။

၂ဝ၁၁ ခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြင့်ရာတွင် အကောင်းဆုံး ဇာတ်ကားဆုကို ဒါရိုတ်တာ ဝိုင်း ရိုတ်ကူးထားသည့် “အာဒမ်ရယ်၊ ဧဝရယ်၊ ဒဿရယ် ” ဇာတ်ကားက ရရှိခဲ့ပြီး အကောင်းဆုံး ဒါရိုတ်တာ ဆုနှင့် ဇာတ်ညွှန်းဆုအား “ပင်လယ်ထက်က နေဝန်းနီ” ဇာတ်ကားဖြင့် ဒါရိုတ်တာ ခင်မောင်ဦး၊ စိုးသိန်းထွဋ် တို့က ရရှိခဲ့သည်။

ထို့အတူ အမျိုးသား ဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် “အာဒမ်ရယ်၊ ဧဝရယ် ဒဿရယ် ” ဇာတ်ကားတွင် အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် ပြေတီဦးနှင့် သက်မွန်မြင့်တို့က ရရှိသည်။ အမျိုးသားဇာတ်ပို့ဆု ကို “ပင်လယ်ထက်က နေဝန်းနီ” ဇာတ်ကားဖြင့် ဝေဠုကျော်၊ အမျိုးသမီး ဇာတ်ပို့ဆုကို “အမေ့ကျေးဇူး ဆပ်ဖူးချင် တယ်” ဇာတ်ကားဖြင့် ဝါဝါအောင် တို့က ရှိခဲ့သည်။

တည်းဖြတ်ဆုကို “ပင်လယ်ထက်က နေဝန်းနီ” ဇာတ်ကားဖြင့် ဦးမြင့်ခိုင်၊ တေးဂီတဆုကို “အငိုမျက်လုံး အပြုံးမျက်နှာ” ဇာတ်ကားဖြင့် မြန်မာပြည်ကျောက်စိမ်းနှင့် ဓါတ်ပုံဆုကိုတော့ “ပင်လယ်ထက်က နေဝန်းနီ” ဇာတ်ကားဖြင့် ပန်းချီစိုးမိုး တို့က ရရှိသွားကြသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၁၉၅၂ ခုနှစ်မှ ၂ဝ၁ဝ ထိ နှစ်စဉ်ချီးမြှင့်ခဲ့ပြီး ဆုအရေအတွက် ၃၂၈ ခုရှိပြီဖြစ်ကြောင်း
ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက အကယ်ဒမီဆုပေးပွဲ မိတ်ဆက်စကားပြောရာ၌ ထည့်သွင်း ပြောဆိုခဲ့သည်။ ဆုအမျိုးအစားကို ၁၁ မျိုး သတ်မှတ်ထားသည်ဟုလည်း ဆိုသည်။

ကျွန်မတို့ လေ လံပွဲ

ကျွန်မတို့ လေ လံပွဲ

by Shwe Aeim Si on Wednesday, February 8, 2012 at 1:22pm ·

ပြည့်တန်ဆာများအတွက် ပညာပေးသင်တန်းကို ရဲဝန်ထမ်းပါ တက်ရောက်မည်

 ရန်ကုန်မြို့ရှိ အမျိုးသားကာလသား ခုခံကျတိုက်ဖျက်ရေးဌာန(NAP) STD Team များရှိရာ မြို့နယ် ၉မြို့နယ်တွင် ပြည့်တန် ဆာ အမျိုးသမီးများအတွက် အသိပညာပေးသင်တန်းပြုလုပ်ရန်ရှိပြီး သင်တန်းတွင် ရဲဝန်ထမ်းများပါ တက်ရောက်ဆွေးနွေး မည်ဟု သိရသည်။

သင်တန်းဖြစ်မြောက်အတွက် လူငယ်ထုအတွင်း HIV/AIDs ရောဂါပိုး ကင်းစင်စေရေး လုပ်ဆောင်ပေးလျှက်ရှိသည့် အစိုးရ မဟုတ်သောအဖွဲ့ UNFPA က စီစဉ်ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၄ရက်နေ့တွင် လှိုင်သာယာမြို့နယ်မှစ၍ စတင်မည်ဖြစ် သည်။


တက်ရောက်မည့် ပြည့်တန်ဆာများနှင့် ရဲဝန်ထမ်းများအကြား အသိပေး ဆွေးနွေးတင်ပြ တောင်းဆိုခြင်းများ ပြုလုပ်ပေးမည် ဖြစ်သည့်အတွက် သင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြည့်တန်ဆာများအတွက် အလုပ်လုပ်ပေးနေသူ Alliance Myanmar မှ မနှင်းနှင်းယုက ပြောသည်။

“ပြဿနာဖြစ်ရင် ဥပဒေကြောင်းအရ ရဲတွေနဲ့ ပြည့်တန်ဆာတွေကြားမှာ လွဲမှားနေတာတွေရှိရင် ဘယ်လိုညှိယူမလဲ။ ဒီသင် တန်းတွေမှာ ထူးခြားတာက ပြည့်တန်ဆာတွေကိုယ်တိုင် သင်တန်းအကူတွေအဖြစ် လုပ်မှာ။ နောက် ရဲဝန်ထမ်းတွေကိုပါ တက်စေမှာလေ။”ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ယခုလို သင်တန်းမျိုးကို အစိုးရလက်အောက်ခံ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း NGOs များမှ အကြိမ် ကြိမ် ပူးပေါင်း လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
သင်တန်းတက်ရောက်မည့် ပြည့်တန်ဆာ အမျိုးသမီးတဦးက “သင်တန်းမှာ မြို့နယ်ရဲမှုးတွေပါ လာမယ်လို့ကြားတယ်။ သိချင် တာတွေလည်း မေးရမယ်။ ကျမတို့ကို ဘယ်လို ဥပဒေတွေနဲ့ ဖမ်းနိုင်လဲဆိုတာမျိုးပေါ့။”ဟု ပြောသည်။

ပြီးခဲ့သည့်လက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ညနေခင်းတွင် လမ်းလျှောက်နေသည့် ပြည့်တန်ဆာ အမျိုးသမီးတဦးကို သက် ဆိုင်ရာ နယ်မြေခံရဲများက အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်းလည်း သူမက ရှင်းပြသည်။
မြန်မာပြည်တွင် ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေရသော အမျိုးသမီးအများစုမှာ ဥပဒေကို နားမလည်သဖြင့် အချို့မှာ ဥပဒေနှင့်မညီစွာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ကိုယ်ခံအားကျဆင်းရောဂါ (HIV/AIDs) နှင့်ဆိုင်သော ပညာပေးခြင်းအပြင် သားဆက်ခြားခြင်းဆိုင်ရာ ပညာ ပေးမှုများလည်း ပါဝင်မည်ဟု မနှင်းနှင်းယုက ဖြည့်စွက်ပြောဆိုသည်။
သို့သော် သင်တန်းပြုလုပ်မည့် မြို့နယ်မည်မျှရှိသည်ကို သိရှိရန်အတွက် UNFPA ကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ ဖုန်းလိုင်းပြတ်တောက်နေခဲ့သည်။

UNFPA သည် လူငယ်ထုအတွင်း HIV ရောဂါပိုး ကင်းစင်စေရေးအတွက် လုပ်ဆောင်ပေးလျှက်ရှိပြီး အမျိုးသမီးငယ်များနှင့် မိန်းမငယ်များအတွက် HIV ကာကွယ်ရေးအသိပေးဆွေးနွေးခြင်းများကိုလည်း လုပ်ဆောင်နေသည့် NGOs အဖွဲ့တခုဖြစ် သည်။

နော်ဆဲကလယ် (ကေအိုင်စီ)
နိုဝင်ဘာလ ၂ရက်။

http://www.kicnews.org/?p=7934




ပြည့်တန်ဆာလုပ်ငန်း တရားဝင် ခွင့်ပြုသင့်သလား
by Lu Cifer on Monday, October 10, 2011 at 1:12pm



ပြည့်တန်ဆာလုပ်ငန်း ဆိုတာ တိုက်ဖျက်ဖယ်ရှားလို့ မရတာကြောင့် သဘောထားကြီးကြီးနဲ့ ချည်းကပ်ပြီး စဉ်းစားပေးကြဖို့လိုပြီ လို့ သမာဆတ်တက္ကသိုလ် နိုင်ငံရေးသုတေသီ Ms. Chalidaporn Songsamphan က ပြောဆိုကြောင်း မနေ့က ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးထားပါတယ်။

တခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းကလူတွေလိုပဲ ပြည့်တန်ဆာတွေကိုလည်း တန်းတူ အခွင့်အရေး ပေးသင့်ပါတယ် တဲ့။ အထူးသဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုလိုမျိုး အခွင့်အရေးပါ။

ပြည့်တန်ဆာလုပ်ငန်းထဲရောက်လာကြတာဟာ ပိုက်ဆံလိုလို့ ရောက်လာကြတာပါလို့ Rak Thailand ပါတီ ခေါင်းဆောင် ချူဝစ်က ပြောဆိုကြောင်းလည်း သတင်းမှာ ရေးထားပါတယ်။

မစ္စတာချူဝစ်ဟာ ဟိုတုန်းက လိင်ဝန်ဆောင်မှုပေးတဲ့ အနှိပ်ခန်းလုပ်ငန်းရှင်ကြီးဖြစ်တယ်လို့ သတင်းက ဆိုတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၀၃ ခုနှစ် ဖျော်ဖြေရေးနှင့်သက်ဆိုင်သောနေရာဌာနများဥပဒေ (the 2003 Entertainment Places Act) မှာ ဟာကွက်တွေ ရှိနေတယ်၊ ဒီဟာကွက်တွေကို အစိုးရအရာရှိတွေက အသုံးချနေတယ် – တရားမ၀င်လုပ်ငန်းတွေ လည်ပတ်ခွင့်ပြုပြီး ပြည့်တန်ဆာတွေကို ဂုတ်သွေးစုတ်နေတယ် လို့ မစ္စတာချူဝစ်က ပြောပါတယ်။

ဒါက ထိုင်းသတင်းစာထဲက ကောက်နှုတ်ထားတာပါ။ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းက တရားမ၀င်ပါဘူး။

မြန်မာနိုင်ငံမှာလည်း တရားမ၀င်ပါဘူး။ မြန်မာပြည်က ပြည့်တန်ဆာတွေက လမ်းပေါ်မှာပဲ ဖောက်သည် ရှာကြသလို ဟိုဆိုင်ဒီဆိုင်တွေကနေလည်း ဖောက်သည် စောင့်ကြပါတယ်။

နေပြည်တော် လွှတ်တော်မှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အဆိုတင်တာ ဆွေးနွေးတာတွေ မလုပ်သေးပါဘူး။

မီဒီယာလောကထဲက တချို့ကို မကြာသေးခင်က ဆက်သွယ်ပြီး မေးခွန်း ခပ်တိုတို ထုတ်ခဲ့ဖူးပါတယ် – မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် လုပ်ခွင့် ပြုသင့်သလား၊ မပြုသင့်ဘူးလား ဆိုတဲ့ မေးခွန်းပါ။
စိတ်ဝင်စားဖို့ကောင်းတာက သူတို့ရဲ့ အဖြေတွေ တူနေတဲ့အချက်ပါပဲ။



======================

မရှိမကောင်း၊ရှိမကောင်းလုပ်ငန်းဆိုပေမယ့် တရားဝင်ခွင့်ပြုပြီး စနစ်တကျ လုပ်ကိုင်စေရင် ဒီနေ့ ဆေးကုမနိုင်သေးတဲ့ HIV-AIDS ကိုတော့ တော်တော် ကာကွယ်နိုင်ပါလိမ့်မယ်…


ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/

ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အကျိုး အပြစ်တွေ တွက်ချက်ပြီး အများ မထိခိုက် မနစ်နာအောင် မိန်းမ ပြည့်တန်ဆာကော၊ ယောက်ျား ပြည့်တန်ဆာကော တရားဝင် လုပ်ခွင့် ပြုသင့်ပါတယ်။
တရားမ၀င်တဲ့ အတွက် ထိခိုက်နစ်နာမှုတွေ ရှိတယ်လို့ ထင်ပါတယ်။ ရောင်းသူကော၊ ၀ယ်သူကောပါ။


Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ
http://facebook.com/RonaldAungNaing

မြန်မာပြည်မှာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ခွင့်ပြုသင့်တယ်။
လိုင်စင်နဲ့ ဘာနဲ့ ဆိုရင် ဆေးစစ်တာ၊ သွေးစစ်တာတွေ သေချာလုပ်ပြီး စည်းကမ်းတကျ ဖြစ်သွားနိုင်တယ်။ ခွင့်မပြုလို့ တရားမ၀င်ဖြစ်နေတာက ရောဂါဖြန့်ဖြူးရေးကို အားပေးရာရောက်တယ်လို့ ထင်တယ်။


ဘလော်ဂါ ခင်မင်းဇော်
http://khinminzaw.blogspot.com/

အင်း… ။
ကမ္ဘာပြားပြီ ။
မှိုနှင့်မျှစ်ကို နှုတ်လို၏။
ကျဉ်တုပ်ခံဝံ့၊ မခံဝံ့ ။


ဘလော်ဂါ မင်းဒင်
http://www.mindin.info/

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရင် ကောင်းပါတယ်။
တရားမ၀င်ဖြစ်နေရင် သိပ်မကောင်းဘူး။
လုပ်ငန်းတွေ အကုန်ပိတ်သိမ်းလိုက်ရင်
မုဒိန်းမှုတွေဖြစ်ကုန်မယ်။
မကြောက်ဘူးလား။


ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရမယ်။
ဒီမိုကရေစီနဲ့ ပြည့်တန်ဆာတရားဝင်မှုက ခေါင်းနဲ့ပန်းလိုပဲ။ ခွဲခြားလို့ မရပါ။


ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/

ဘုရားလက်ထက်ကတည်းက ရှိလာခဲ့တဲ့လုပ်ငန်းပဲဗျာ။
တဘ၀လုံးထိုးရင်းပြီး လုပ်ကိုင်စားနေရတဲ့ ကာယကံရှင်တွေ မနစ်နာအောင် ဥပဒေအရ အကာအကွယ်ပေးသင့်ပါတယ်။

ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/

တရားဝင်ခွင့်ပြုသင့်ပါတယ်။
တရားဝင်မရှိတော့ အဆက်အသွယ်မရှိရင် ရှာရခက်မှာပေါ့။


ကာတွန်း ဘီရုမာ
http://beruma.blogspot.com/

တရားဝင် ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။
မဟုတ်ရင်လည်း ခိုးကြောင် ခိုးဝှက်နဲ့  လုပ်ကိုင်စားသောက်နေရတဲ့ အခြေနေက ရုန်းထွက်လို့ မရတဲ့အတွက် သူတို့ ဘ၀ အန္တရာယ်ပိုများပါတယ်။
သူတို့တွေအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်၊ ဥပဒေ စည်းမျဉ်း ရှိသင့်ပါတယ်။


ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ

zarny win
Sunday, October 09, 2011

Irrawaddy Blog
http://www.irrawaddyblog.com/2….._7059.html
************************************************************

ကျမတို့လေလံပွဲ

ခမ်းမ မှောင်မှောင်မဲမဲ
ဒစ်စကိုမီးရောင်တွေ အံကျ
နားနဲ့ မဆန့် တဲ့ အသံတွေ ပြုတ်ကျ...
ကျမ ဘ၀မှာ....
မျက်စိရှုပ်တယ်ဆိုတာ မရှိဘူး
နားကြားပြင်းကပ်တာ မရှိဘူး
ခြေကိုလှုပ် ၊ ခေါင်းကိုလှုပ်
စီးမျှောပစ်လိုက်

မေ့သွားတယ်..
မနက်က အမေတောင်းတဲ့ ဆန်ဖိုးကိုမေ့သွားတယ်...
အငယ်ကောင်တောင်းတဲ့ ကျောင်းအုပ်ဆရာမကြီးကို ကန်တော့ဖို.မေ့သွားတယ်..
မေ့သွားတယ်..
အဖေတောင်းတဲ့ အရက်ဖိုးကို မေ့သွားတယ်..
မမေ့ သေးတဲ့ အရာတွေကို အတင်းမေ့ဖို့  မေ့သွားတယ်....

ဒါဟာ တဏှာ ကုန်စည်ပြပွဲတစ်ခုပေါ့ ..
အသွေးသား ကြော်ငြာ တစ်ချပ်ပေါ့...
ရာဂ လေလံတင်ပွဲ တစ်ခုပေါ့...
ကဲ အသွေးအသား စားပွဲထိုးတွေရေ...
ဝီစကီပြင်းပြင်းလေး တခွက်လောက်..

ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ချက်..
မှားမှား၊ မှန်မှန် မပြောမိဘူး..
ကျမက ဥရောပက စကော်လာကျောင်းသားမှ မဟုတ်ပဲ...။

ဒီမိုကရေစီလား...
မသိဘူး....
အမေရိက ကို ပရိုပိုဆယ်တင်မယ့် အထဲမှာ မှ မပါပဲ....၊

စီးပွားရေးပိတ်ဆို့ မှုလား..
ကန်ကွက် ၊ ကြိုဆို ဘာမှ မလုပ်ဘူး..
အီးဂရက် သင်တန်းဆင်းမှ မဟုတ်ပဲ...။

ဒုက္ခသည်မူဝါဒ၊ လွတ်လပ်တဲ့ အတွေး ..
ယဉ်ကျေးသော လူ့ အဖွဲ့ အစည်း..
နားမလည်ဘူး...
အောက်စ်ဖိုဒ်မှာ နှစ်နှစ်သင်တန်း တက်ပြီး..
အန်ဂျီအိုရာထူးနဲ့  ဗမာပြည်ပြန်လာမယ့်..
ပညာရှင်မှ မဟုတ်ပဲ..။

အချုပ်အခြာ အာဏာ။ ပြည်ထောင်စု မပြိုကွဲရေး ...
ငါးပိရည်လိုပဲ ငန်တူးနေသလား...
စီးပွားရေးလုပ်ငန်းတွေအားလုံးမောင်ပိုင်စီးထားတဲ့ ..
ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုဝင်တစ်ယောက်မှ မဟုတ်ပဲ...

ဘာမှ မှ မဟုတ်ပဲ
ဘာဆို ဘာမှ မဟုတ်ပဲ...

ကျမဆုတောင်းက ......
ဒီတစ်ည ခိုနားဖို့ ရင်ခွင်တစ်ခု ရှိပါစေ....
အဲ့ဒီ့ ရင်ခွင်မှာ သူရာရည်တွေ စိုရွှဲ မနေပါစေနဲ့ ....
သားရိုင်းတိရစ္တာန်တွေ သောင်းကျန်းမနေပါစေနေဲ့ ....
တွန့်ကြေနေတဲ့ အိပ်ယာလေးပေါ်...
လူလိုသူလို ပျော်တော်ဆက်ခွင့်ရပါစေ...
ညနက်နက်နဲ့  အာရုဏ်ဦးကြား က
ငရဲခန်းမှာ ....
ကျမ တမှေးလောက်ဖြစ်ဖြစ် မှေးလိုက်နိုင်ပါစေ..
အမေ့ဆန်ဖိုး
အဖေ့အရက်ဖိုး......
ကျမ ကူသလောက်နဲ့ ...
လုံလောက်ပါစေ

ရန်ငြိမ်းအောင်
http://www.shwenanda.com/"ရွှေနန္ဒရဲ. ခရေပန်း ..
 ညဉ့် ဌက်ညီမလေးတစ်ယောက်ဒီဘ၀မှရုန်းထွက်နိုင်ပါစေဆုတောင်းရင်း.....
ချစ်ခင်လေးစားသော
ရွှေအိမ်စည်