Total Pageviews

Wednesday, February 8, 2012

ဆန္ဒလှောင်အိမ်

"ဆန္ဒလှောင်အိမ်"


ကိုယ်စိုက်ပျိုးတဲ့ အပင် ကိုယ်ရိတ်သိမ်းရတယ်ဆိုပေမယ့်
 နှစ်ရှည်ပင်စိုက်ချင်သူက ငါပါ
ဘယ်ရိတ်သိမ်းဖို့ ဖြစ်မလဲနော်

ကိုယ်ခင်းတဲ့ အိပ်ရာကိုယ်သိမ်းရမယ်ဆိုရင်လည်း
ငါ ကိုယ်တိုင်ခင်းပြီး မအိပ်ဖြစ်တဲ့ ညတွေ များပေါ့
အတိတ်နဲ့ ပစ္စုပ္ပန်ကို ကူးလူးပေးနေတဲ့
စာကြည့်ခန်းက  စားပွဲလေးသာ ငါ့အိပ်ရာအမှန်ပါ

ကိုယ်တိုင် ကြိုးမညှိတတ်ပေမယ့်
အသံထွက်ကောင်းအောင်တီးပြတတ်တဲ့
ငါ တီးခတ်နေတဲ့ ဂီတာအိုလေးလို
နင့်ကို  ရင်ခွင်ထက်မှာတစ်ခါတစ်ရံ ထွေးပွေ့ထားမိချင်ပါရဲ့
ဒါပေမယ့်လည်းဟာ
လှောင်ချိုင့်ထဲက ငှက်တစ်ကောင်လို
အစာတောင်းချိန်သာအသံပေးပြီး
အဝေးပျံထွက်ဖို့  စဉ်းစားနေတဲ့ နင့်အတွက်
လောက အပြင်တံခါးကို ငါ့နှလုံးသားနဲ့ ရင်းပြီး ဖွင့်ပေးလိုက်ပါတယ်
ပြန်တောင်လှည့်မကြည့်ဘဲ  ဟိုး   ! အဝေးကြီးကို
တရှိန်ထိုးပြေးထွက်သွားရက်တယ်

အဲ့ အချိန်က စလို့  ငှက်ကလေးတွေ ကိုမွေးရမှာ ငါ ကြောက်လာတယ်
ဟင့်အင်း !  ငှက်ကလေးတွေကိုမချုပ်ရက် မလှောင်ရက်တော့တာ
ငှက်ကလေးနဲ့ တူတဲ့ ချစ်ရသူရေ !
ဘယ်တစ်ဦးတစ်ယောက်ရဲ့ ချုပ်နှောင်မှုလှောင်ချိုင့်အတွင်းမှ
ပြန်မသက်ဆင်းပါနဲ့တော့............
လွတ်လပ်စွာပျံသန်းနေတာဘဲ ငါမြင်ပါရစေ

နှင်းဆီ

No comments:

Post a Comment