Total Pageviews

Friday, February 3, 2012

ပြည်တွင်းစစ် နှင့်လက်တစ်ကမ်းအကွာ


ပြည်တွင်းစစ် နှင့် လက်တစ်ကမ်းအကွာ "


မြန်မာ့အစိုးရသစ် အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု့ကိုရယူရန် (သို့တည်းမဟုတ်) တိုင်းရင်းသားလူမျိုးစု ပြသနာများကို ဖြေရှင်းရန် နည်းလမ်း နှစ်ရပ်သာရှိသည်။ ပထမနည်း
လမ်းမှာ ယခုထက်ပိုပြီး လစ်ဗရယ် ဒီမိုကရေစီဆန်သောနိုင်ငံသစ်ကို တည်ဆောက်ပြီး
တိုင်းရင်းသား လူမျိုးစုများအားကိုယ်ပိုင်အုပ်ချူပ်ရေး အစစ်အမှန်ပေးရန် ( ယခုကဲ့သို့
ပြည်ထောင်စုသမ္မတ အစိုးရမှ အစစအရာရာ ထိန်းချူပ်ထားသော ကိုယ်ပိုင်အုပ်ချူပ်ရေး
မျိုး မဟုတ် ) ၊ ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသားလူမျိုးစုများအား လူမျိုးကြီး( ဗမာ )
နှင့်တန်းတူညီမျှ အခွင့်အရေး ပေးအပ်ရန်ဖြစ်သည်။ ဒုတိယ နည်းလမ်းမှာ တိုင်းရင်းသား


လက်နက်ကိုင်တပ်များအားညှိနိုင်းဆွေးနွေးပြီးသော်လည်းကောင်း ၊ အမြစ်ပြတ် တိုက် ခိုက်ပြီးသော်လည်းကောင်း၊
လုံးဝဥသုန် အချုပ်အခြာ အာဏာပိုင်ဆိုင်ရန် ၊တိုင်းရင်းသား လက်နက်ကိုင်တပ်များမရှိတော့သော
နယ်မြေများအား(ယခုကဲ့သို့ ကြမ်းတမ်း ရက်စက်သောစစ်အုပ်ချုပ်ရေး မဟုတ်ပဲ )မိဘကဲ့သို့ ၊ရင်ဝယ်သားကဲ့သို ၊ကျောသားရင်သားမခွဲခြားသော အရပ်ဘက်တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်သော အုပ်ချုပ်ရေးမျိုးဖြင့်
အစားထိုးရန်ဖြစ်လေသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရလုခါစ ၊လွတ်လပ်ရေးရရှိသော ၁၉၄၈ အချိန်များမှ စတင်ခဲ့သော ပါတီလက်နက်ကိုင်တော်လှန်ရေးများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး များသည်
ယခုထက်တိုင် ဖွဲမီးကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းဆဲပင်ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ
(ဗကပ)၊အလံနီ ၊ရဲဘော်ဖြူ စသည့်ပါတီလက်နက်ကိုင်တော်လှန်ရေးများချူပ်ငြိမ်း
သလောက်ဖြစ်သွားသော်လည်း K N U, KIA ,SSA,မွန်ပြည်သစ်ပါတီ (လက်ကျန်) ၊ " ၀ " အမျိုးသားလက်နက်
ကိုင်တပ်ဖွဲ့များ စသည့်တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးများမှာမှု တစတစ ပြန်လည်ပြင်းထန်လာခဲ့သည်။ နအဖ အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့မှ ၂၀ ကျော်အထိလက်နက်နှင့် ငြိမ်းချမ်းရေးလဲ
လှယ်ခဲ့ကြသည် ဆိုသော်လည်း တကယ်တမ်းတွင် တ၀က်ခန့်နီးပါးမှာ မကြာခဏ ပြန်လည်တောခိုခဲ့ကြသည်။ နအဖ
အစိုးရသည် ၁၉၉၂
ဧပြီလ ၂၈ ရက်နေ့တွင် ထိုးစစ် ရပ်စဲခဲ့သော်လည်း လုံးဝဥသုန် ရပ်စဲခဲ့သည်ကားမဟုတ် ၊နအဖ၏ ရည်ရွယ်ချက် ၊
အကျိုးစီးပွား ၊အုပ်ချုပ်ရေးကိုထိပါးသော တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် မကြာခဏ တိုက်ပွဲကြီးတိုက်ပွဲငယ်များ ဖြစ်ပွားဆဲပင်ဖြစ်သည် ။ ထို တိုက်ပွဲများကြောင့် သေကြေ ဒဏ်ရာရသောပြည်သူများ ၊ စစ်ဖြစ်ပွားရာဒေသများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော တိုင်းရင်းသား ဒုက္ခသည်များမှာ မြန်မာနိုင်ငံ နှင့် အိမ်နီးချင်း
နိုင်ငံများတွင် သန်းနှင့်ချီနေပြီဖြစ်သည် ။ထိုပြသနာများမှ အပြီးအပြတ်ဖြေရှင်းရန် သမ္မတ အစိုးသစ် အနေဖြင့် ခိုင်မာသော ဆုံးဖြတ်ချက်ချရန် အချိန်ရောက် လာပြီဖြစ်သည် ။အစိုးရသစ်သည် ပထမ နည်းလမ်းဖြင့် ဖြေရှင်းပါက ယခုထက်ပိုပြီး
တိုင်းရင်းသား လူမျိုးစု ဒေသဖွံ့ဖြိုးရေး နှင့် တိုင်းရင်းသားများ၏ အကျိုးစီးပွားကိုဖော်ဆောင် နိုင်သော လေဘရယ်
ဒီမိုကရေစီစနစ်ကို အမြန်ဆုံး ဖော်ဆောင်နိုင်ရမည်ဖြစ်သည်။ ယခုထက်ပိုသော တန်းတူညီမျှ အခွင့်
အရေးကို တိုင်းရင်းသားများထံ မျှဝေပေးရန်လိုသည်။ ယခု အချိန်တွင် တိုင်းရင်းသားပါတီ များလည် ထိုက်သင့်သလောက်ရှိနေပြီဖြစ်သောကြောင့် တိုင်းရင်းသားနယ်မြေများ၏ အုပ်ချုပ်ရေးအာဏာကို ပါတီများထံ
တတ်နိုင်သလောက် လွဲပေးရန်လိုအပ်သည်။ အစိုးရသြဇာခံ မဟုတ်သော ကရင်ပါတီမှ အုပ်ချုပ်သော နယ်မြေ ကို ကရင်လက်နက်ကိုင်တပ်များ မှ ယခုကဲ့သို အမြဲ မပြတ်လှုပ်ရှားနေမည် ဟု ထင်မြင်ရန်ခဲယဉ်းပေသည် ။ ထိုအတူ
ချင်း ၊ ရခိုင် ၊မွန်၊ ကချင် ၊ရှမ်း နယ်မြေများတွင်လည်း ပြည်ထောင်စု အစိုးရမှ တတ်နိုင်သမျှ ၀င်ရောက်စွက်
ဖက်ခြင်းမရှိပဲ တိုင်းရင်းသားပါတီများ ကို ရှေ့တန်းတင်ပေးနိုင်လျှင် တင်းမာမူ့ များမှ ထိုက်သင့်သလောက် လျှော့ကျသွားနိုင်ဖွယ်ရာရှိသည်။ တိုင်းရင်းသားများလက်နက်ကိုင်
ချင်စိတ်မပေါ်အောင် ၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်အောင် အစိုးရမှ ယခုထက် ပိုပြီး ဂရုတစိုက် ရှိသင့်သည်။
အစိုးရ ၏ လိုငွေ ၊တိုင်းပြည်၏ ဂျီဒီပီ အများစု ကို ပြည်နယ်များ မှ ရရှိနေသည်ကို မမေ့ လျှော့သင့်ပေ ။ ထိုအပြင်အစိုးရလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် အုပ်ချုပ်ရေး ဌာနများတွင်တိုင်းရင်း
သာ လူမျိုးများ အထက်ပိုင်းရာထူးသို့ မတက်ရောက်နိုင်ခြင်း ( ဥပမာ ။ ။ စစ်တပ်တွင် ဗှိုလ်မှူးကြီး ၊
ဗိုလ်မှူးချူပ် ရာထူးမှ မြင့်သော ရာထူးများ ၊ ရဲတပ်ဖွဲ့တွင် ဒုတိယ-ရဲမှုးကြီး ၊ ရဲမှူးကြီးမှ မြင့်သောရာထူးများ)
များကိုလည်း သမ္မတ အစိုးရသစ်အနေဖြင့် တိုင်းရင်းသားများ၏ ယုံကြည်စိတ်ချမူ့ ထောက်ခံမူ့ ရရှိအောင်
ပြုပြင်ပြောင်းလဲ ရလေမည်ဖြစ်သည်။ထိုအပြင် ပြည်ထောင်စုအစိုးရ နှင့် ကြံ့ ဖွံ့ ပါတီ သည် တိုင်းရင်းသား
ပြည်နယ်များတွင် ယခုထက်ပိုပြီး မစွက်ဖက်သင့်တော့ပေ ။ ပြည်မကြီး မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်
အုပ်ချုပ်သည်ထက် တိုင်းရင်းသားပါတီ မှ တိုင်းရင်းသားကိုယ်စားလှယ်အုပ်ချုပ်သည်ကို နယ်မြေခံလူထုမှ ပိုပြီး ယုံကြည်ကိုးစားဖွယ်ရှိမည်မှာ သေချာသလောက်နီးနီး ရှိလေသည်။
တိုင်းရင်းသားပြည်သူများသည် စစ်မှန်သော ပြည်ထောင်စု အစိုးရ၏ အုပ်ချူပ်မူ့ ကိုရရှိပါမှ ဖက်ဒရယ်မူ ကို စွန့်လွတ်နိုင်ကြမည် ဖြစ်သည် ။ ထိုပြင် အုပ်ချုပ်ရေး ပြသနာ များကို တိုင်းရင်းသား ပါတီများနှင့်တိုင်းရင်း
သား လက်နက်ကိုင်တပ်များမှ ပူးပေါင်းညှိနိုင်းအဖြေရှာရန် အစိုးရသစ်မှ လမ်းဖွင့်ပေးရမည် ဖြစ်လေသည် ။
အစိုးရသစ်အနေဖြင့် ဒုတိယနည်းလမ်း ဖြင့် ဖြေရှင်းရန်မှာမူ များစွာ ကျပ်တည်းလိမ့်မည်ဖြစ်ပြီး ၊ အပြီးအပြတ်တိုက်ခိုက်ရေးမှ ပြည်တွင်းစစ်မီးကြီးသည်တဖန်
လောင်မြိုက်ဖွယ်ရာ ရှိသည်။တိုင်းရင်းသားလက်နက်ကိုင် တပ်အများစုမှာ အစိုးရ၏ အုပ်ချုပ်ရေးကိုမကြိုက်နှစ်သက်သဖြင့်သော်လည်းကောင်း ၊ မိမိနယ်မြေ မိမိဒေသ ကို
မိမိလူမျိုးများမှ အုပ်ချုပ်နိုင်ရန်သော်လည်းကောင်း ရည်ရွယ်ချက်များကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်သည် ။
သို့ရာတွင် နိုင်ငံတစ်နိုင်ငံ ၏ အင်္ဂါရပ်လေးချက်မှာ
၁- နယ်နိမိတ်သတ်မှတ်ချက်ရှိခြင်း ၂-နယ်နိမိတ်အတွင်းနေထိုင်သော လူဦင်္းရေရှိခြင်း ၃-အစိုးရရှိခြင်း
၎-အချုပ်အခြာအာဏာ ရှိခြင်း ဟုဖြစ်လေရာ တိုင်းရင်းသား၊
နိုင်ငံသား အများစု လက်ခံနိုင်သော စစ်မှန်သည် ပြည်ထောင်စု အစိုးရတရပ် ဖြစ်ပေါ်လာပါက တိုင်းရင်းသားလက်နက်ကိုင်တပ်များမှာ သေချာပေါက်ဖြေရှင်းရမည့်
ပြသနာတရပ်ဖြစ်လာလေမည် ။ ယခုအချိန်တွင်ကား ပြည်မ မှ ဗမာလူမျိုးများကိုယ်တိုင် အပြည့်အဝ
လက်မခံနိုင်သေးသော အစိုးရသစ်ကို တိုင်းရင်းသားလူမျိုးများမှလက်မခံ
မယုံကြည်နိုင်ခြင်း မှာ အံ့သြောဖွယ်ရာမရှိပေ ။ ဖက်ဒရယ် တောင်းဆိုကြသည်ဆိုရာဝယ်
ပြည်ထောင်စုတွင် ဆက်လက်ပူးပေါင်းနေထိုင်သော်လည်း မိမိလူမျိုးနှင့် မိမိဒေသ
အတွက် အကျိုးမဖြစ်ထွန်းဟု ယူဆ ယုံကြည်ကြသဖြင့်သာ ဖက်ဒရယ်မူကို တိုင်းရင်းသားလူုမျိုးများ
တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ တချိန်သော အခါက ခေါင်းဆောင်ဖြစ်
သော ဗိုလ်ချုပ်အောင်ဆန်း အား ယုံကြည်လေးစား ကိုးစားကြပြီး ပြည်ထောင်စု တွင် တိုင်းရင်းသားများကိုယ်တိုင် စည်းလုံးစွာပါဝင်ခဲ့ကြပုံကို သမ္မတ အစိုးရသစ်အနေဖြင့်
အမှတ်ရသင့်ပေသည်။ ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်ပိုင်းတွင် အဖမဲ့သားကဲ့သို့ ဖြစ်သွားခဲ့ရသော တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်မူ့ကို ဖဆပလ ၊မဆလ
နအဖ ၏ အမွေ ကိုဆက်ခံသော အစိုးရသစ်အနေဖြင့် အပြစ်တင်ဝေဖန်ရန် ခက်ခဲပေမည် ။ တိုင်းရင်းသား ပြည်သူများမှ
မထောက်ခံ ၊ မအားပေး မကူညီပါက တိုင်းရင်းသား
လက်နက်ကိုင်များသည် ၁၉၄၈-၅၂မှ ယနေ့ အထိ တည်တံ့နိုင်ဖွယ်ရာ မရှိပေ ။ ထိုကြောင့်ယခု အချိန်တွင်လည်း အထင်ကရ လက်နက်ကိုင်တပ်ဖွဲ့ကြီးများအား အမြစ်ပြတ်
ချေမွန်းရန်မှာ ဖြစ်နိုင်ဖွယ် နည်းပါးလေသည်။ သို့သော် တိုင်းရင်းသားပြည်သူများ ယုံကြည်ကိုးစားသော ၊ပြည်သူများအားရင်ဝယ်သားကဲ့သို့ စောင့်ရှောက်သော
ပြည်ထောင်စု အစိုးရတရပ် ပေါ်ထွန်းလာချိန်တွင်မူ အမျိုးသားပြန်လည် စည်းလုံးညီညွတ်မူ့ ကို တည်ဆောက်နိုင်ဖွယ်ရာရှိသည်။ ထိုကြောင့် သမ္မတ အစိုးရသည်
ငါနိုင်မယ်ထင်လို့ ငါလုပ်သည် ၊ ငါ့ကိုထိလို့ ငါပြန်လည်သည် ဆိုခြင်းထက်၊တိုင်းရင်းသားများ အရေးကို နက်နက်နဲနဲ
စဉ်းစားသင့်ပြီး မူဝါဒချမှတ် အကောင်အထည်
ဖော်သင့်နေပြီ ဖြစ်သည် ။ သို့ မ ဟုတ် မူ . . . ။
**မာဃလုလင်**

No comments:

Post a Comment