အမေရိကန်တွေ ဆီက ရသမျှ - ၆
အမေရိကား ကို ရောက်ရှိနေထိုင်သူတွေဟာ ပုံသဏ္ဍန်အမျိုးမျိုး အလွှာအမျိုးမျိုးကွဲပါတယ်။ ပညာတတ်တာ၊ မတတ်တာ ရောက်တာ ကြာတာ၊စောတာ နဲ့ မဆိုင်ပါဘူး။ အဆင်ပြေတဲ့သူက မိုးပေါ်က ချပေးလိုက်သလို၊ နတ်ရေကန်ထဲ ဆင်းလိုက်သလို အဆင်ပြေသွားတဲ့ သူတွေ ရှိကြပြီးအဆင်မပြေတဲ့သူ
တွေကလည်း ရေသောက်တာတောင် သွားကြားညပ်တယ် လို့ ပြောနေကြရတဲ့ အခြေအနေပါ။ ကျနော့်ဝေါလ်ပေါ်မှာ တင်ပေးထားတဲ့ အမေရိကန်ပညာရေးအကြောင်းကို ရေးနေတဲ့ ကိုအေးကျော်ဇံရဲ့ စာတွေ၊ ဘ၀ကို ပင်ပင်ပန်းပန်းဖြတ်သန်းလာခဲ့တဲ့ ကိုမန်းကြိုင်ထွန်းရဲ့ စာတွေ ကိုလည်း ဖတ်ဖြစ်ကြရင် သိလောက်မှာပါ။ ကျနော်ရေးနေတာတွေဟာ ကျနော်တွေ့ခဲ့၊ မြင်ခဲ့ရသမျှ အားလုံးအပေါ်မှာ ခြုံငုံပြီးရေးနေတာ။ ဒီတော့ ကိုယ်ရောက် ရောက်တဲ့နေရာမှာ အဆင်ပြေနေတဲ့ သူတွေကတော့ နားလည်မှာ မဟုတ်ဘူး။ ဥပမာ ၀ါရှင်တန်ဒီစီ မှာ နေကြတဲ့သူအများစုဟာ အလုပ်အကိုင်ကောင်းကောင်း၊ ပါတ်ဝန်းကျင်ကောင်းကောင်းသန့်သန့်မှာ နေနေရတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အမေရိကားကို မြင်တဲ့အမြင်ဟာ ဘတ်ဖဲလိုးတို့၊ အီသကာတို့မှာနေနေတဲ့ သူတွေမြင်သလို မြင်နိုင်မှာမဟုတ်ဘူး။ပြောရရင် ၀ါရှင်တန်ဒီစီ နဲ့ နယူးယောက်ခ်နဲ့ မြေအောက်ရထားချင်းတောင် မတူဘူးဗျ။ ၀ါရှင်တန်ဒီစီ က မြို့တော်ကြီးဆိုတော့ အတတ်နိုင်ဆုံး သန့်သန့်ပြန့်ပြန့် နဲ့ထိန်းထားတယ်။ နယူးယောက်ခ်ကတော့ဗျာ. တွဲထဲ ဟုမ်းလက်စ်ကြီးတွေ တဝေေ၀နဲ့၊ တနံနံနဲ့။ဖဲသုံးချပ်သမားတွေ(သူတို့ဆီမှာတော့ ခွက်ကလေးသုံးခွက်နဲ့ပေါ့)၊ အကော်ဒီယံတကျော်ကျော်နဲ့ ကလေးကျောပိုးထားတဲ့ မိန်းမက ဦးထုပ်ကလေးချွတ်ပြီးတောင်းကြရမ်းကြသူတွေ စုံလို့။ ဒါမျိုးတွေ ၀ါရှင်တန်ဒီစီသားတို့ ဘယ်သိမှာတုန်း။ နောက် နယူးယောက်ခ်မှာသွားလေရာ လမ်းဘေးဆိုင်တွန်းလှည်းဆိုင်လေးတွေက ပေါမှာပေါ။ သွားရေလာရေးကလည်း ရထားစီးမလား၊ ကားစီးမလာ၊ တက္ကစီတော့မစီးနဲ့ အင်မတန်ရိုင်း၊ အင်မတန်ကြမ်းပါသတဲ့။ ဒီလိုပဲ ဆန်ဖရန်စ္စကိုမှာ နေနေတဲ့သူတွေဟာလည်း ကိုယ့်ပါတ်ဝန်းကျင် ကိုယ့်အဆင့်အတန်းနဲ့ တကယ့် ရုန်းကန်နေရတဲ့ သူတွေရဲ့ ဘ၀ ကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်ကတော့ အပြင်ကနေ အားလုံးကို မြင်နေရတဲ့သူလေ။ ရောက်လေရာရာမှာ မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့တွေ့ခွင့်ဆုံခွင့် စကားပြောခွင့်တွေရခဲ့ သူတို့ဆီက သင်ကြားနာယူခဲ့ရတာတွေကို အခြေခံပြီး ဒီစာတွေကို ရေးပါတယ်။တချိန်တည်းမှာ မြင်တာလေးတွေကိုလည်း အကြံပြုပါတယ်။ ကျနော်ပေးတဲ့ အကြံဥာဏ်တွေဟာ မိတ်ဆွေတို့အပေါ်မှာ အကျိုးဖြစ်ထွန်း မယ် လို့ ယူဆရင် သုံးကြပေါ့။ ကျနော့်အနေနဲ့တော့ ကိုယ့်မိတ်ဆွေတွေအတွက် ကိုယ်တတ်နိုင်တဲ့ ဘက် က ရေးသားအကြံပြုခြင်းနဲ့ပဲပြန်ကျေးဇူးပြုတာပါ။ ဒီလိုရေးသားတာဟာ မိတ်ဆွေတို့ အကျိုးပျက်စီးရာ ပျက်စီးကြောင်း ဘာတခုမှ မရည်ရွယ်တဲ့အပြင်၊ မိတ်ဆွေတို့ကိုထိုးနှက်တိုက်ခိုက်တာလည်း မဟုတ်၊ မြှောက်ပင့်ရေးသားတာလည်း မဟုတ်ဆိုတာကိုတော့ မြင်စေ့ချင်တယ်။ယူတီကာမှာနေတဲ့ ကျနော့် ရဲဘော်ရဲဘက် ကိုအောင်ကျော်မြင့်က စကားတခွန်းကို ပြောတယ်။ “ ကိုဇော်ကြီး ကျနော်တို့ မြန်မာပြည်မှာ ဘ၀ ဆိုတာ ဘ နဲ့ ၀ နဲ့ နှစ်လုံးထဲ၊ ဒီမှာက L I F E လိုက်ဖ် လေးလုံးတောင်မှဗျ” တဲ့၊ ဒီစကားကိုနယူးယောက်ခ်မှာ ချောအိသိမ်းလည်း ပြောခဲ့ဖူးပါတယ်။ တကယ်ပဲ အမေရိကားမှာ ဘ၀ ကို ရုန်းကန်ရတာ ကြမ်းတမ်းလှတယ်။ဒီမှာ အဆင်ပြေနေတဲ့သူအနည်းစု ဟာ ကံကောင်းလွန်းမက ကောင်းလွန်းတဲ့ လူနည်းစု သာဖြစ်ပါတယ်။ အများစုကတော့ တော်တော့်ကိုခါးခါးသီးသီး ရုန်းကန်ရပါတယ်။ ဘတ်ဖဲလိုး မှာ ကျနော့်ကို အိမ်ရှင်အနေနဲ့ ဧည့်ခံခဲ့တဲ့ ကိုမြင့်ထွေးနဲ့ မသီသီရှိန်တို့လင်မယားကတော့ ရှားရှားပါးပါး သဘောကျစရာတွေ့ခဲ့တယ်။ ကိုမြင့်ထွေးက ညနေစောင်းကနေ မနက်သုံးနာရီခွဲလောက်မှ အိမ်ပြန်ရောက်တယ်။ သူ့အလုပ်က ညဆိုင်း။ မသီကတော့ မနက်အစောကြီကနေ ညနေစောင်းအထိ။ လင်မယားနှစ်ယောက်က တယောက်နဲ့တယောက်မျက်နှာချင်းမဆိုင်ရ၊ အိပ်တော့လည်း ခွဲအိပ်ရလေရဲ့။ တယောက်အရမ်းကို အိပ်မောကျတဲ့အချိန်မှာ တယောက်ပြန်လာရင် အနှောင့်အယှက်ဖြစ်မှာစိုးလို့တဲ့ဗျာ။ ဒီကြားထဲက ကျနော့်ကို တကူးတကဖိတ် စာပေဟောပြောပွဲကို မရမကဖြစ်အောင် စီစဉ်ခဲ့တဲ့သူတွေပါ။ ကျနော့်ကို လာကြိုတော့ လင်ရော မယားရော အလုပ်ထဲရောက်နေကြလို့ ကိုဝမ်းကြီး(ကိုမောင်မောင်ဝမ်း) က လာကြိုတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တွေ့ခဲ့ဆုံခဲ့ကြတဲ့ သူတွေ ပြန်ဆုံကြရတာ. တယောက်ကိုတယောက် မနည်း ရုပ်ဖမ်းကြရပါသဗျာ။ တွေ့ခဲ့ဆုံခဲ့တုန်းကလည်း တကြိမ် နှစ်ကြိမ်လောက်ကိုး။ ကိုဝမ်းကြီးကတော့ စက်ရုံကနေ သူ့ဖါသာကို Lay Off ယူပစ်လိုက်တယ်၊ ရတဲ့ပင်စင်ကလေးနဲ့ သူ့အားသန်တဲ့ အင်္ဂလိပ်စာ သင်ကြားမှုလေးကို လုပ်နေတယ်။ သူလည်းသူ့နည်းသူ့ဟန်နဲ့ အမေရိကားမှာ လွတ်မြောက်နေတဲ့ ချမ်းသာရာရနေတဲ့သူပဲ။ ဘာလို့ ဒီလိုပြောရလည်း ဆိုရင် အများစုက အမေရိကားရဲ့ ယန္တရားကြီးထဲ ထည့်လှည့်ခံနေရတယ် လို့မြင်မိလို့ပါ။ ရပ်လို့မရပဲ နေ့စဉ်နဲ့အမျှ ပုန်းတောက်စက်ကြီးထဲ တဂျောင်းဂျောင်း အလှည့်ခံနေရ၊ လည်နေရတယ်။ “ပုန်းတောက်စက်ကြီး” ဆိုတာ ဓမ္မအသုံးအနှုန်းပါ။ ယဉ်ပါးတဲ့သူများ နားလည်ပြီးဖြစ်ပါလိမ့်မယ်။ သံသရာပုန်းတောင်းစက်ကြီး ဆိုတဲ့ အသုံးအနှုန်းကို။ ဒီက စက်ရုံတွေမှာ အောက်ခြေ အလုပ်လုပ်ကြရတဲ့ ဘ၀တွေကို မြင်သာအောင် ကိုမြင့်ထွေးကြီး ပြောတာကို ပြန်ပြောပြပါ့မယ်။ အလုပ်ချိန်စ ၀င် လိုက်တာနဲ့ တဂျောင်းဂျောင်းလည်နေတဲ့ အော်တိုမက်တစ်ရွေ့လျားစက်ခါးပတ်ထဲကနေ လာသမျှ ပစ္စည်းတွေကို တပ်ရမယ့်သူကတပ်၊ ဖြုတ်ရမယ့်သူကဖြုတ်၊ မနားတမ်း တပ်၊ မနားတမ်းဖြုတ်ပြီး လုပ်နေကြရတာ အလုပ်သိမ်းချိန်ထိပါပဲ။ ထိုင်လည်းမထိုင်ရ၊ ရပ်လည်းမရပ်ရ၊ ယားလို့တောင်ကုတ်လို့မရတဲ့ဘ၀ဗျ။ (ကြားမှာ နားချိန်တော့ပေးသပေါ့)၊ ကြည့်ဖူးတဲ့သူတွေ သိပါလိမ့်မယ်။ ချာလီချက်ပလင် ကားတကားမှာပါတယ်။ စက်ခါးပတ်ကြီးက တဂျောင်းဂျောင်းလည်နေတာကို မူလီကျပ်ရတာ ကျပ်ရပါများလွန်းလို့ သူချောင်သွားရတာကို။ ဒီတော့ ပင်ပန်းသလားဆိုတော့ မပင်ပန်းဘူး၊ မပင်ပန်းဘူးလားဆိုတော့ ပင်ပန်းသပေါ့။ အဲဒီလို အလုပ်ဟာ တရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ် နှစ်ချီပြီး လုပ်ရတာလေ။ ခင်ဗျား မလုပ်နိုင်ရင် ထုတ်မယ်။ ခင်ဗျားခွင့်ယူမယ်ဆိုတရက်ကထက် နှစ်ရက် လက်မခံဘူး။ အဲဒါ အရင်းရှင်စနစ်ရဲ့ အညှာအတာမဲ့တဲ့ သီဝရီပဲ။ ကိုမြင့်ထွေးတို့လင်မယားနေကြတဲ့ ဘတ်ဖဲလိုးမြို့ကလေး က အိမ်ဈေးတွေကလည်း ပေါတော့ သူတို့တွေဟာ အကြွေးကင်းစွာနဲ့ အိမ်ပိုင်အိုးပိုင် နေနိုင်ကြတယ်။ လင်နဲ့မယား ကားတယောက်တစီးစီနဲ့ အလုပ်ကိုသွားကြတယ်။ အံမယ် သူက ကျနော့်ကို ဒီလိုပြောပါသဗျ။“ကိုချိုတူးဇော်ရေ...ကျနော်က အောက်ခြေအလုပ်သမားပါဗျာ” တဲ့။ သူတညလုပ်ခက ဒေါ်လာ တရာအောက်ထစ်။ တရာ့နှစ်ဆယ်လောက်ထိ ရတတ်တယ်။ ဒီတော့ ကျနော်ကလည်း ပြန်ပြောသပေါ့။ “ ခင်ဗျားအောက်ခြေအလုပ်သမားက အိမ်ပိုင်(အကြွေးကင်း၊လုံးချင်းနော်) ကားပိုင် (လင်မယားနှစ်ယောက် တယောက်တစီးစီနဲ့) ရန်ကုန်မှာ တနေကုန်ခြေသလုံးတောင့်အောင် ဈေးရောင်းရတဲ့ ယုဇနပလာဇာက ဈေးကြိုလေးတွေ တလလုံးမှ ခင်ဗျာ့ တညလုပ်စာတ၀က် ရ တယ်. . .” လို့။ ဒီတော့ လည်း ပြုံးပြုံးကြီး။ ပြဿနာက အမေရိကားကလူတွေ ဘ၀ ပျောက်နေတယ် လို့ပြောလို့၊ ရန်ကုန်ကလူတွေ မြန်မာပြည်ကလူတွေကော လို့ မေးရင် အကုန်ပျောက်နေတယ်ဗျ။ တခါတခါ ရေပျောက်မီးပျောက်လို့ စိတ်ညစ်ရပါတယ်။ တခါတခါ ရထားပျောက်လို့၊ ကားပျောက်လို့စိတ်ညစ်ရပါတယ်။ တခါတခါ ဆန်အိုးထဲ ဆန်ပျောက်လို့၊ ဆီအိုးထဲ ဆီပျောက်လို့ စိတ်ညစ်ရပါသဗျာ။ဒါဆို မင်းက ဘာအထွန့်တက်ရေးနေရတာလဲ လို့မေးရင် ပြောပါ့မယ်။ ဘ၀ရဲ့အနှစ်သာရကလေး ကို ပျောက်ကုန်မှာစိုးလို့ပါ။ ဒီရောက်လာကြတဲ့သူတွေထဲမှာ တိုင်းရင်းသား ညီအကိုတော်တွေလည်း ပါတယ်။ သူတို့အများစုဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက်ကတော့ ပြဿနာသိပ်မကြီးလှဘူး။ သူတို့ဘာသာထွန်းကားရာမြေကိုး။ ကိုယ့်ဘာသာလေး ကိုယ် ရိုသေကိုင်းရှိုင်းနေကြရင် ပြီးတာပါပဲ။ ပြဿနာက ကျနော်တို့ မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ပါ။ ဒီမှာ ဗုဒ္ဓဘာသာဝင်တို့ အတွက် ခဲယဉ်းစွာ ကိုယ့်ဘာသာအတွက် ရပ်တည်ရတယ်၊ ကိုယ်ကောင်းမှ ကိုယ်ခံအားကောင်းမှ . .။ ကိုမြင့်ထွေးတို့မသီတို့ကိုပဲ ဥပမာပေးရမယ်။ မနက်အစောကြီး မသီတယောက်က သူ့အလုပ်မသွားခင် တတွတ်တွတ်ရွတ်တော့တာပဲ၊ တီဗီကလည်း ဖွင့်၊ သူကလည်း ရွတ်တော့တာပဲ။ ကိုမြင့်ထွေးကတော့ တွေ့တွေ့ချင်းကို မျက်နှာက ကောင်းလှ၊ ကြည်လှတာ သတိထားမိတယ်။ နောက် စကားစပ်မိတော့မှ “နေ့တိုင်းကြီး ဆိုတော့ မခံနိုင်တော့ဘူး ဒီတော့ ကျနော်လည်း ထိတယ်၊ ကိုင်တယ်၊ မတယ်၊ ရွှေ့တယ်၊ ချတယ် နဲ့ အဲဒီအလုပ်ကို သတိလေးကပ်ပြီး အမှတ်လေးမှတ်ပြီး လုပ်လိုက်တယ်။ ၈ နာရီ ဘယ်လိုကုန်သွားမှန်းကို မသိပါဘူး” တဲ့။ ကောင်းလိုက်တာဗျာ။ ရာဇဂြိုဟ်မှာ နွားစာစဉ်းရင်း၊ လယ်ထွန်ရင်း၊ မြက်ရိတ်ရင်း သောတပန်တည်ပါသတဲ့။ မိတ်ဆွေတို့ရေ. . .ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေအဖို့တော့ ဘ၀ရဲ့ တန်ဖိုးက ရှင်းပါ၊ စင်းပါသဗျ။
ဘာလဲ ဆိုတာ အကျယ်အကျယ်မပြောတော့ပါဘူး။ ခရစ်ယာန်ဘာသာဝင်တွေအတွက် ပြည့်စုံလှတဲ့ ထိန်းကျောင်းမှုတွေ၊ ဘုရားကျောင်းတွေ များလှလို့ သူတို့တွေမှာ အလိုအလျောက်လုံခြုံကြပေမယ့် ဒီနိုင်ငံရောက်လာတဲ့ ဗုဒ္ဓဘာသာဝင်မြန်မာပြည်သားတွေအဖို့ နေရာတိုင်းမှာ ဘုန်းကြီးကျောင်းလည်း မရှိ၊ ဘုရားရုပ်ပွားတော်တောင် ဖူးချင်တိုင်း မဖူးရတဲ့ ဘ၀ ပါ။ ပစ္စလက္ခတ်နေရင် ပစ္စလက္ခတ်ကို နေဖြစ်သွားမယ့် အနေအထားပါ။ ကျနော်ရှေ့မှာ ရေးခဲ့သလို အိုင်အိုဝါကြီးသာယာလှပေမယ့် “အဖြူ” လို့ ကျနော်တို့ ရွှေမြန်မာများကင်ပွန်းတပ်ထားကြတဲ့ အနောက်တိုင်းသားတို့အများစုနေထိုင်ရာဒေသဖြစ်သလို၊ မြန်မာလူမျိုးကလည်း ဆယ်ဂဏန်းလောက်သာ နေကြပါတယ။် ဒီတော့ အဲဒီ နတ်ဘုံနတ်နန်းကြီးနဲ့ တူတဲ့ အိုင်အိုဝါမှာ ကျနော် နေခဲ့တဲ့ ၃ လ လုံးလုံး ဘုရားမဖူးခဲ့ရဘူး။ ဆန်ဖရန်စ္စကို စာပေဟောပြောပွဲကိုရောက်လာမှ မေတ္တာနန္တကျောင်းတို့၊ မုဒိတာရွှေကျောင်းတို့မှာ ဘုရားကိုဖူးရ၊ တရားကို နာရ၊ သံဃာကို ဖူးရပါတော့တယ်။ ဒီတော့ ဒီတိုင်းပြည်မှာနေရတာ ရုပ်ဝတ္ထုပစ္စည်းတွေ အလျှံပါယ်ချမ်းသာကြွယ်ဝပေမယ့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကတော့ ရတနာသုံးပါး ခေါင်းပါးလှတယ်။ ဒီကြားထဲ ဒီရောက်လာတဲ့ မြန်မာအများစုက(စိတ်မရှိကြပါနဲ့) ဘာသာရေးအပေါ် လေးနက်တဲ့သူနည်းပါးတယ်။ ကျနော့် စာဖတ်နေကျ မိတ်ဆွေအမျိုးသမီးတယောက်က ကျနော်ရောက်နေတယ်ဆိုလို့
ဖုန်းဆက်ပြီး ရင်ဖွင့်လာပါတယ်။ သူ့သားသမီး၂ယောက်မှာ အငယ်လေးဖြစ်တဲ့ သမီးက မြန်မာစာလည်းမတတ်တော့ဘူး၊ နောက် ဘုရားကို ဆွမ်းတော်တင်တာကို ဘာလို့တင်တာလဲ လို့တောင် မေးနေတယ် တဲ့။ ကျနော် တချို့မြို့တွေမှာတကယ့်ကို အခြေခံလူထုအများ
စု နဲ့ ဆုံခဲ့ရပါတယ်။ သူတို့ထဲက အများစုဟာ မြန်မာပြည်မှာတုန်းက တောခုတ်၊ ယာလုပ်တကယ့် တောသူတောင်သား အခြေခံလူတန်း
စားတွေဖြစ်မယ်။ ဒီမှာတော့ ကားအသီးသီးနဲ့ အိမ်အသီးသီးနဲ့၊ တွေ့ရမြင်ရတာ မုဒိတာ ပွားစရာပါ။ ဒါပေမယ့် တကယ်တမ်းသူတို့တွေ
ဟာ သူတို့အလုပ်လုပ်နေတဲ့ စက်ရုံမှာ အလုပ်ကြပ်နဲ့ တလုံးစ နှစ်လုံးစ အင်္ဂလိပ်လိုပြောတာကလွဲရင် မြန်မာပြည်သားတွေ အစုအဝေးကြီး
နေ၊ အစုအဝေးကြီးပေါင်းကြတာမို့ မြန်မာလိုသာ ရေလည်အောင်တတ်ပါတယ်။ ၁၀ နှစ်လောက်ကြာလာသည့်တိုင်လည်း အင်္ဂလိပ်လို
မကျွန်းကျင်ကြသေးပါဘူး။ အင်္ဂလိပ်လို မကျွမ်းကျင်တော့ မြန်မာမှု၊ မြန်မာဓလေ့ကို ထိန်းထားနိုင်ကြသလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊
တချို့နေရာတွေမှာ မကြားဝံ့မနာသာတွေဖြစ်ကြ ကြုံကြရတာတွေ ရှိလာနေပါတယ်။ ၂၁ နှစ်ပြည့်ပြီ လွတ်လပ်ပြီ ဆိုပြီး သမီးမိန်းကလေး
နေချင်သလိုနေ၊ ပြန်ချင်သလိုပြန်တော့၊ အဖေခေါ်စရာမရှိတဲ့ နီစပ်စပ်ကလေးတယောက်ကို မွေးလို့တဲ့။ ဒါမျိုးတွေကို ကြားရမြင်ရတဲ့အခါ
မှာ. . .။
ဒီလိုနဲ့ တနေကုန် အလုပ်တွေလုပ်၊ တချို့က တညလုံးလုပ် ဆိုပါတော့။ ကျနော်ရောက်ခဲ့တဲ့ ဘတ်ဖဲလိုးမြို့ကြီးမှာ မနက်ဆို မွန်းလွဲချိန်လောက်ထိ မြို့ကြီးဟာခြောက်ခြောက်သွေ့သွေ့ကြီး။ ကိုမြင့်ထွေးတို့ ကိုဝမ်းတို့ ချိန်းကြဆိုကြရင် အမြဲ နေ့ခင်း ၂ နာရီပဲ။
ဘာလို့များ မနက်ပိုင်းမချိန်းပါလိမ့်နော် လို့ တွေးမိခဲ့ရာကနေ သူတို့လည်ပတ်ပုံသိလာမှ..မနက်တပိုင်းက အိပ်ချိန်ကိုးဗျ။ စက်ရုံမြို့
ကြီးဆိုတော့ တမြို့လုံးကိုခြောက်နေ ငြိမ်နေတာပါပဲ။ မြို့ကြီးကဗျာ ၇၀ ၀န်းကျင်လောက်ကတော့ စက်မှုအရမ်းထွန်းကားခဲ့တယ် ထင်ပါတယ်။ အဆောက်အဦးတွေကလည်း တုံးတုံးကြီးတွေ။ The ugliest town in United States လို့ကျနော်က ပြောတော့ ကိုဝမ်းက
သူ့အမေရိကန်ဇာတိမြို့ကို ထပ်လောင်းဖြည့်စွက် ဂုဏ်လုပ်ပါတယ်။
“ ဒုတိယအဆင်းရဲဆုံး မြို့လေ. . .ကိုဇော်ကြီးရ” တဲ့။
ကျနော်ပြောချင်တာက အဲဒီလို တနေကုန်အလုပ်လုပ်၊ တညလုံးအလုပ်လုပ် ပြန်ရောက်တာနဲ့ ထိုးအိပ်၊ နောက် စနေ၊ တနင်္ဂနွေ မှာ ၀ယ်ရခြမ်းရ နဲ့ တပါတ်ပြီးတပါတ်၊ အချိန်တွေကုန်သွား၊ ကလေးတွေကြီးသွား။ ဒီအတိုင်းနေရင်းနဲ့ ဘ၀ဟာပြီးဆုံးသွားမှာကို စိတ်ပူပါ
တယ်။ ဒီတော့ ကိုမြင့်ထွေးကြီးတို့ မသီတို့လို မမေ့မလျော့မပေါ့သော သတိလေးတွေကပ်ပြီး နှလုံးသွင်းစေချင်ပါတယ်။
ဘတ်ဖဲလိုးမှာ အမေတချို့က ငိုနေတယ် ဆိုတော့ ကျနော်က ဘာလို့ငိုလဲ၊ ပြန်မလာနဲ့ လို့ ပြောခဲ့ပါတယ်။ ဘာလို့ဒီလိုပြောရလဲ ဆို
တော့ အမေရိကားကြီး ဒီလိုဖြစ်နေတယ် ဆိုပေမယ့် ကိုယ့်တိုင်းပြည်မှာ ဒီလိုပင်ပန်းတိုင်းလည်း စားဝတ်နေရေးက ပြေလည်တာမှ မဟုတ်
တာဗျာ..။ တနေကုန်မတ်တပ်ရပ်ပြီး အလုပ်လုပ်ရတာ မြန်မာပြည်မှာလည်း လုပ်ရပါတယ်။ ပြီးရင် ပြန်တဲ့အခါ အမေရိကားမှာ ကိုယ့်ကားလေးကိုယ်မောင်းပြီးပြန်လာလို့ရပေမယ့်၊ ရန်ကုန်မှာတော့ တမေ့တမော ဘတ်စ်ကားပေါ်မှာ ဆက်ရပ်၊ ကြပ်ညပ်ရပါဦးမယ်။
အမေရိကားမှာလည်း နယူးယောက်ခ်က ရုံးတက်ရုံးဆင်းချိတ်တွေမှာ ရထားတွေလည်း ငပိငချဉ်သိပ်၊ ဘတ်စ်ကားတွေလည်း ငပိငချဉ်သိပ်
နော်။ ဒါပေမယ့် ဒီမှာက လု မတက်ကြဘူး။ ဒီမှာက မိုက်မိုက်ရိုင်းရိုင်းနဲ့ နင်ပဲငဆအော်မယ့် စပါယ်ယာမရှိဘူး။
ထားပါတော့ ဒီမှာလည်း ကျပ်၊ ဟိုမှာလည်း ကျပ်ကြတာခြင်းအတူတူ အမေရိကားကလူက ပြန်လာရင် ရေမီးအစုံနဲ့ စားသောက်ပြီး တီဗီလေးဖွင့်ပြီး နေ၊ မြန်မာပြည်ကလူက မီးမလာရင် မီးမွှေးရ၊ ရေမလာရင် ရေထွက်ဆွဲရ တခုခုကြံရ၊ ရှာရပါသေးသဗျ။
ဒီတော့ ဘယ်မှာနေနေဗျာ..နေရတာခြင်းအတူတူ လောလောဆည် မဆင်းရဲတာက (ပင်ပန်းတာလည်းတူတယ်ပဲထားပါ) အမေရိကားဆိုရင် “အမေတို့ရေ.. တရားကလေး မှတ်ကြဗျာ... မြန်မာပြည်က အမေတွေ အဲဒီအခွင့်အရေး မရကြရှာဘူး၊ ပြီးရင်. . မြန်မာပြည်ကြီးအတွက် မေတ္တာတွေပို့ကြ ဆုတွေတောင်းကြ. . အမေရိကန်တွေအတွက် ကမ္ဘာသူကမ္ဘာသားတွေအတွက် မေတ္တာတွေပွားကြပါ. . .” လို့ စာပေဟောပြောပွဲမှာတော့ ပြောခဲ့ပါလေရဲ့. . .။
ဆက်ပါဦးမယ်. . .
ချိုတူးဇော်
--
No comments:
Post a Comment